COVID-19 ကူးစက်မှု ဆက်လက်မြင့်တက်နေသည့် ရှန်ဟိုင်း၏ အခြေအနေကို lockdown ကန့်သတ်ချက်များဖြင့် တင်းကျပ်နေရ 

COVID-19 ကူးစက်မှု ဆက်လက်မြင့်တက်နေသည့် ရှန်ဟိုင်း၏ အခြေအနေကို lockdown ကန့်သတ်ချက်များဖြင့် တင်းကျပ်နေရ 
By Mr John

COVID-19 ကူးစက်မှု ဆက်လက်မြင့်တက်နေသည့် ရှန်ဟိုင်း၏ အခြေအနေကို lockdown ကန့်သတ်ချက်များဖြင့် တင်းကျပ်နေရ 



တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင် COVID-19 ကူးစက်မှုများ ဆက်လက်မြင့်တက်နေရာ အာဏာပိုင်တွေက lockdown စီမံဆောင်ရွက်ချက်တွေကို တင်းကျပ်သွားမည်ဟု ပြောသည်။

တင်းကျပ်ဆောင်ရွက်မည့် lockdown အစီအမံအသစ်တွေအနက် ပိုးကူးစက်ခံထားရသူများ အပြင်ထွက်ခြင်းကို တားဆီးနိုင်ရန် နေအိမ်တံခါးတွင် အီလက်ထရောနစ် အချက်ပေးစနစ်များ တပ်ဆင်သွားမည်ဖြစ်သလို နေအိမ်တွေကို ပိုးသတ်ဆေးဖြန်းရန် နှင့် နေအိမ်တွင် နေထိုင်သူများကို ရွှေ့ပြောင်းစေမည့် ဆောင်ရွက်ချက်မှုများ ပါဝင်လာသည်။



ယခုသီတင်းပတ် အစောပိုင်းကလည်း ရှန်ဟိုင်းတွင် အဆောက်အအုံများကို ပိုးသတ်ဆေးဖြန်ရန် လူဦးရေ ရာနှင့်ချီပြီး အတင်းအကျပ် ရွှေ့ပြောင်းခံခဲ့ရသည်ဟု ဆိုသည်။

ရှန်ဟိုင်းကို lockdown လုပ်ထားမှု သီတင်းငါးပတ်အတွင်း ဝင်ရောက်လာချိန်တွင် ကန့်သတ်ချက်အသစ်များ ထပ်မံ ထုတ်ပြန်လာခြင်းလည်း ဖြစ်သည်။

COVID-19 ကူးစက်ခံရသူများနှင့် အနီးကပ် ထိတွေ့မှုရှိသူများ အားလုံးကို အစိုးရက ပြင်ဆင်ဆောင်ရွက်နေသည့် ကွာရန်တင်းစင်တာများသို့ ပို့ဆောင်သွားမည်ဟု ရှန်ဟိုင်းမြို့တော် တာဝန်ရှိသူတွေက ပြောသည်။

ထို့အပြင် ကူးစက်မှု အဆိုးဆုံးနေရာအချို့တွင် ပိုးသတ်ဆေးဖြန်းမှုများ အရှိန်မြှင့် ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားပြီး ထိုသို့ ပိုးသတ်ဆေးဖြန်းမည့် အစီအစဥ်အရ ကူးစက်ခံရခြင်း မရှိသူများ အပါအဝင် အဆိုပါ နေရာများတွင် နေထိုင်သူအချို့မှာ နေအိမ်ကနေ မဖြစ်မနေ ယာယီရွှေ့ပြောင်းကြရမည် ဖြစ်သည်။

ရှန်ဟိုင်းမြို့၏ အခြားရပ်ကွက်နှစ်ခုဖြစ်သည့် Beicai နှင့် Pingwang တို့တွင် နေထိုင်သူများ နေအိမ်မှာ ယာယီရွှေ့ပြောင်းရန် အမိန့်ထုတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ပိုးသတ်ဆေးဖြန်းရန် ယာယီရွှေ့ပြောင်းရမည့် အစီအစဥ် ဆောင်ရွက်လာခြင်းလည်း ဖြစ်သည်။



Beicai တွင် နေထိုင်သူတွေကို ၎င်းတို့၏ ပိုင်ဆိုင်ပစ္စည်းများ ထုပ်ပိုးယူဆောင်ပြီး နေအိမ်မှ ထွက်ခွာရန်နှင့် အဝတ်ဗီရိုတံခါးများ ဖွင့်ထားခဲ့ကြရန် အာဏာပိုင်တွေက ပြောကြားခဲ့သည်ဟု ဆိုသည်။

ထို့အပြင် အိမ်ရှေ့တံခါးများ ဖွင့်ထားခဲ့ရန်နှင့် အိမ်မွေးတိရိစ္ဆာန်တွေကို ထားရစ်ခဲ့ရန်လည်း အာဏာပိုင်တွေက ညွှန်ကြားခဲ့သည်။ အထုပ်အပိုးများနှင့်အတူ ညအချိန် လူအများအပြား တန်းစီနေကြသည့် ဆိုရှယ်မီဒီယာပေါ်မှ ဓာတ်ပုံများက အာဏာပိုင်တွေ ဆောင်ရွက်နေသည့် အတိုင်းအတာကို ဖော်ပြနေသည်။



ယခုနောက်ဆုံး စီမံဆောင်ရွက်ချက်များက တရုတ်အာဏာပိုင်တွေအနေဖြင့် ရှန်ဟိုင်းမြို့တွင် COVID-19 ကူးစက်ပျံ့နှံ့မှု ရပ်တန့်ရန် မဖြစ်မနေ ကြိုးစားလုပ်ဆောင်နေခြင်းကို ထင်ရှားစေသည်ဟု ဆိုသည်။

ထောက်ပံ့ပေးသည့်  ဟင်းသီးဟင်းရွက်

Lockdown လုပ်ထားသည့် ရှန်ဟိုင်းမြို့၏ နေရာအချို့တွင် စားနပ်ရိက္ခာ အထောက်အပံ့ရရှိရန် ရုန်းကန်နေကြရပြီး အစိုးရက ဖြန့်ဝေပေးနေသည့် ဟင်းသီးဟင်းရွက်၊ အသားနှင့် ကြက်ဥတို့ ရရှိရန်အတွက် စောင့်ဆိုင်းနေကြရသည်ဟု ဆိုသည်။



ရှန်ဟိုင်းမြို့ခံ အများအပြားက lockdown သတ်မှတ်ခြင်းနှင့် စားနပ်ရိက္ခာထောက်ပံ့မှု နည်းပါးခြင်းတို့ကို မကျေနပ်ကြောင်း ဆိုရှယ်မီဒီယာတွေ ပြောဆိုမှုများလည်းရှိနေသည်။

အသွားအလာကန့်သတ်သည့် lockdown ကာလကို တိုးချဲ့သတ်မှတ်မှုကြောင့် ပို့ဆောင်ရေးလုပ်ငန်းများ၊ ကုန်စုံဆိုင်ဝက်ဘ်ဆိုက်များနှင့် အစိုးရ၏ အထောက်အပံ့ ဖြန့်‌ဝေရေးကိုပင် မနိုင်မနင်းဖြစ်လာစေခဲ့ကြောင်း သိရသည်။

ရှန်ဟိုင်းမြို့တွင် မတ်လနှောင်းပိုင်းက COVID-19 ကူးစက်မှု ပထမဆုံး တွေ့ရှိခဲ့ရပြီးနောက် လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄၀၀,၀၀၀ ကျော်နှင့် သေဆုံးသူ (၃၆) ဦးရှိခဲ့သည်။

ကူးစက်ခံရပြီး သေဆုံးခဲ့သူ အားလုံးနီးပါးမှာ အသက်အရွယ်ကြီးသူများ၊ ကာကွယ်ဆေးမထိုးထားသည့် နဂိုရောဂါအခံရှိသူများဖြစ်ကြောင်း တရုတ်အစိုးရ တာဝန်ရှိသူတွေက ဆိုသည်။



Source: BBC, Reuters

Photo: BBC,  REUTERS/Xihao Jiang