အရာတော် - မုံရွာလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပျူစောထီးကားကို မထိဘဲ ပြည်သူကားတစ်စီးကို မတော်တဆ ထိခိုက်မိ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝန်ချ တောင်းပန်

အရာတော် - မုံရွာလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပျူစောထီးကားကို မထိဘဲ ပြည်သူကားတစ်စီးကို မတော်တဆ ထိခိုက်မိ၍ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝန်ချ တောင်းပန်

စစ်ကိုင်းတိုင်း၊ အရာတော် - မုံရွာလမ်းပေါ်တွင် မတ်လ(၁၂)ရက်နေ့က ပျူစောထီးကားအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမထိဘဲ နောက်မှလိုက်ပါလာသည့် ပြည်သူကားကို မတောတဆထိခိုက်မိသည့်အတွက် တောင်းပန်ကြောင်း ယနေ့မတ်လ(၁၅)ရက်တွင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့အသီးသီးက ထုတ်ပြန်လာသည်။

ပြည်သူ(၃)ဦး လိုက်ပါသည့် ကားတစ်စီးကို မတော်တဆ ထိခိုက်မိခဲ့သောကြောင့် အနူးအညွှတ် ဝန်ချတောင်းပန်ကြောင်းနှင့် ဖြစ်စဉ်အပေါ်တွင် တာဝန်ယူ၊ တာဝန်ခံသွားမည်ဖြစ်ကြောင်း သပြေညို ပျောက်ကြားတပ်ဖွဲ့၊ Ayadaw Falcon Force တပ်ဖွဲ့အသီး သီးမှ ထုတ်ပြန်ကြေညာထားသည်။

ညီနောင် မဟာမိတ်(၉)ဖွဲ့က အရာတော်မြို့နယ် တော်လှန်ရေးတပ်ပေါင်းစုသည် ပြည်သူမထိခိုက်ရေးအဓိကမူဝါဒကို ကိုင်စွဲတိုက်ပွဲဝင်မည်ဖြစ်သောကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိဖြင့် ကာယကံရှင်ပြည်သူများကို ဝန်ချ‌တောင်းပန်၍ အကူအညီပေးသွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များမှ ဗိုလ်ပေါက်ကျိုင်းက ပြောကြားထားသည်။

ပျူစောထီးကားတစ်စီးကို သတင်းရသဖြင့် စောင့်ကြိုတိုက်ခိုက်ရာတွင် နည်းပညာလွဲချော်မှုကြောင့် နောက်မှပါလာခဲ့သော ပြည်သူ့ကားကို ထိခိုက်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကားပေါ်မှ ယာဉ်မောင်းအပါအဝင် ပြည်သူ(၃)ဦးအနက် လက်ရှိတွင် ပြည်သူတစ်ဦး(မစိုးရိမ်ရ)၏ ဒဏ်ရာကို ဆေးကုသပေးနေပြီး ကျန်လူများမှာ ဒဏ်ရာကြီးကြီးမားမားမရရှိခဲ့ဟု ဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့နှင့် အနီးကပ်နေခြင်း၊ စစ်ကောင်စီယာဉ်အနီးမှ မောင်းနှင်ခြင်းများမပြုလုပ်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေးလျှက်ရှိသည်။