အာဆီယံအစည်းအဝေးတက်ခွင့်ရရန် ကမ္ဘောဒီးယား၏ ကြိုးစားပေးမှု မအောင်မြင်သော်လည်း ကြိုးစားပေးမှုကို အသိအမှတ်ပြုသည်ဟု အာဏာသိမ်းအဖွဲ့ကဆို

 စစ်ကောင်စီခန့်  နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်  [ Photo - reuters ]
စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် [ Photo - reuters ]
အာဆီယံအစည်းအဝေးတက်ခွင့်ရရန် ကမ္ဘောဒီးယား၏ ကြိုးစားပေးမှု မအောင်မြင်သော်လည်း ကြိုးစားပေးမှုကို အသိအမှတ်ပြုသည်ဟု အာဏာသိမ်းအဖွဲ့ကဆို
ဖေဖော်ဝါရီ 14, 2022 | နိုင်ငံတကာသတင်း

ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး နိုင်ငံ့အာဏာသိမ်းထားသည့် စစ်ကောင်စီကို အာဆီယံသမိုင်းတွင် ပထမဆုံးအဖြစ် အစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည့်အတွက် လာမည့် အစည်းအဝေးတွင် တက်ခွင့်ရရန် ကမ္ဘောဒီးယားနိုင်ငံ၏ ကြိုးပမ်းမှု မအောင်မြင်သော်လည်း အသိအမှတ်ပြုပါသည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄) ရက်နေ့တွင် ထုတ်ပြန်လာသည်။

လာမည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ကျင်းပမည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးကို မြန်မာအာဏာသိမ်းစစ်ကောင်စီ တက်ခွင့်မရခြင်းအပေါ် ယင်းကဲ့သို့ ထုတ်ပြန်လာသည်ကို တွေ့ရသည်။

အာဏာသိမ်းပြီး ပြည်သူများကို အကြမ်းဖက်နှိမ်နှင်းနေမှုများကြောင့် အာဏာသိမ်းစစ်ကောင်စီကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၃၈)ကြိမ်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများတွင် တက်ရောက်ခွင့်မပေးရန်နှင့် နိုင်ငံရေးအရ ကိုယ်စားမပြုသည့် ပုဂ္ဂိုလ်ကိုသာ ဖိတ်ကြားရန်  ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့က  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

အာဆီယံ၏ အလှည့်ကျဥက္ကဌဖြစ်လာသည့် ကမ္ဘောဒီးယားက အာဏာသိမ်းစစ်ကောင်စီကို လာရောက်တွေ့ဆုံပြီးနောက် ၎င်းတို့နိုင်ငံတွင် စတင်လက်ခံကျင်းပမည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် အာဏာသိမ်းစစ်ကောင်စီ တက်ခွင့်ရရေး ကြိုးပမ်းခဲ့သော်လည်း  အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ၎င်းတို့ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်သဘောတူခဲ့သည့် အာဆီယံသဘောတူညီချက် (၅)ချက်ကို အကောင်အထည်မဖေါ်သဖြင့် အာဆီယံနိုင်ငံအများစုက ယခင်ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ရပ်တည်ခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ကောင်စီနှင့် နေပြည်တော်တွင် တွေ့ဆုံမှုအတွင်း ၎င်းတို့ဆွေးနွေးမှု၏ တိုးတက်မှုရလဒ်အဖြစ် ဩစတေးလျ စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနဲလ်ကို အာဏာသိမ်းစစ်ကောင်စီက ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု ပြောကြားခဲ့ပြီးနောက် ယင်းနေ့မှာပင် ၎င်းအနေဖြင့် အချက်အလက်လွဲမှားပြောကြားမိခြင်းဖြစ်ကြောင်း ပြန်လည်တောင်းပန်ခဲ့ရသည်ကို တွေ့ရသည်။