ကရင်ပြည်နယ်အတွင်း ဒွယ်လိုးမြို့နယ်၊ ထီးလော်သိထာကျေးရွာတွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ၏ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် (၃) လသားအရွယ်ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား (၂)ဦးသေဆုံးကာ (၅)ဦးဒဏ်ရာရကြောင်း KNU တပ်မဟာ(၅)က ယနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။
BGF-1013 ၏ တောင်သုံးလုံး အခြေစိုက်တပ်များသည် ဒွယ်လိုးမြို့နယ်၊ ထီးလော်သိထာကျေးရွာအတွင်းသို့ ယမန့်နေ့ ဇန်နဝါရီလ(၂၉)ရက်၊ ညပိုင်းက လက်နက်ကြီး(၆)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် လက်နက်ကြီးထိမှန်ကာ လူနေအိမ်(၄)လုံးပျက်စီးသွားသည့် အပြင် ဆိတ်(၉)ကောင်၊ ဝက်(၂)ကောင်လည်း ထိမှန်သေဆုံးခဲ့ရသည်ဟု သိရသည်။