ကရင်နီ(ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဟိုယာကျေးရွာအုပ်စုအတွင်း စစ်ရှောင်အများအပြားရှိနေသည့် ရီခီးဘူးကျေးရွာကို အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီ၏တပ်ဖွဲ့က တိုက်လေယာဉ်ဖြင့် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၇)ရက်နေ့ နံနက်အစောပိုင်းတွင် (၄) ကြိမ်တိုင်တိုင် ဗုံးကြဲပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးတစ်ဦးအပါအဝင် စစ်ရှောင် (၃) ဦး သေဆုံးသွားရသည်။
စစ်ဘေးရှောင်အများအပြားရှိနေသည့် ရီခီးဘူးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယနေ့နံနက် နံနက်(၁)နာရီ(၄၀)မိနစ် အချိန်တွင် အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်များမှ အသက် (၈)နှစ်အရွယ် မိန်းကလေးငယ် (၁) ဦး၊ အသက် (၁၈)နှစ်အရွယ် မိန်းကလေး (၁) ဦးနှင့် အသက် (၇၅)နှစ်အရွယ် အမျိုးသား (၁)ဦးတို့ သေဆုံးသွားကြရခြင်းဖြစ်ကြောင်း သိရသည်။
အာဏာသိမ်းစစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် အရပ်သားများအတွက် ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပြီး အပြစ်မဲ့ပြည်သူလူထုကို အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ စစ်ဘေးရှောင်ပြည်သူလူထုအပေါ် ဗုံးကြဲပစ်ခတ်ခြင်း၊ ရပ်ကွက်ကျေးရွာနေပြည်သူလူထုအပေါ် ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ပစ်ခတ်ခြင်းများ တစ်နေ့တစ်ခြားပြုလုပ်လာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်၏ လုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)က ထုတ်ပြန်ထားသည်။
အာဏာသိမ်းစစ်တပ်သည် ယခင်ကတည်းက EAO များနှင့် တိုက်ခိုက်ရာတွင် အရပ်သားပစ်မှတ်မရှောင် တိုက်ခိုက်မှုများအပါအဝင် ကျင့်ဝတ်မဲ့လုပ်ရပ်များဖြင့် နာမည်ကျော်လှသည့်အဖွဲ့ဖြစ်ပြီး ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် တပြည်လုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်လာသည့် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ရာတွင်လည်း အလားတူလုပ်ရပ်များကို တစ်နေ့တစ်ခြား တိုး၍လုပ်ဆောင်လာခြင်းဖြစ်သည်။