"ဝ"ပြည်ဒေသခံများ နေရပ်ပြန်လိုပါက နီးစပ်ရာ "ဝ"ပြင်ပဆက်ဆံရေးရုံးများတွင် စာရင်းပေး၍ ထောက်ခံစာပြုလုပ်ကာ ဝင်ခွင့်ပြုမည်ဖြစ်ပြီး မိမိစားစရိတ်ဖြင့် (၂၁)ရက် Quarantine နေထိုင်ရမည်ဖြစ်ကြောင်း "ဝ"ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ(UWSP)၏ ဗဟိုကော်မတီ၏ အသိပေး ထုတ်ပြန်ချက်ကို Wa Channel က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင် သတင်းဖေါ်ပြထားသည်ကို တွေ့ရသည်။
အကြောင်းအမျိုးမျိုးကြောင့် ခရီးလွန်နေသည့် "ဝ"ပြည်ဒေသခံများ "ဝ"ပြည်တွင်း ပြန်လည်ဝင်ရောက်လိုပါက လားရှိုး၊ တန့်ယန်း၊ ကျိုင်းတုံ၊ မိုင်းလားနှင့် တာချီလိတ်မြို့များတွင် ဖွင့်လှစ်ထားသည့် "ဝ" ပြင်ပဆက်ဆံရေးရုံးများတွင် စာရင်းပေးကာ ထောက်ခံစာပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။
"ဝ"ပြည်သို့ ပြန်လိုသူများအနေဖြင့် မက်မန်းဆိုင်မြို့နှင့် နမ်တစ်မြို့တို့၌ ဖွင့်လှစ်ထားသည့် Quarantine Center များတွင် မိမိစားစရိတ်ဖြင့် (၂၁) ရက်ကြာ Quarantine ဝင်ရမည်ဖြစ်ပြီး တစ်ရက်လျှင် စားစရိတ်အတွက် ယွမ် (၂၀)နှင့် ဆေးစစ်ခ တစ်ကြိမ်လျှင် ယွမ် (၃၀) ကျခံကြရမည်ဖြစ်ကြောင်း သိရသည်။