ကရင်ပြည်နယ်၊ မြ၀တီမြို့တောင်ဖက်ခြမ်း ထီးမယ်ဝါးခီးကျေးရွာအနီးတွင် ယမန်နေ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့က တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ၊ ကဗျာဆရာဖြစ်သူ အေစိုင်းကေ ကျဆုံးသွားကြောင်း သိရသည်။
သတင်းသမားတစ်ဦးဖြစ်သည့် အသက် (၃၈)နှစ်အရွယ် အေစိုင်းကေသည် အဆိုပါဒေသတွင် သတင်းလုပ်ငန်းများကို လုပ်ကိုင်နေစဉ် ယမန်နေ့ ခရစ္စမတ်နေ့က ထီးမယ်ဝါးခီးရွာအား အာဏာသိမ်းစစ်တပ်က တိုက်ခိုက်မှုအတွင်း ဦးခေါင်းကို လက်နက်ကြီးကျည်စ ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့တွင် အယ်ဒီတာအေစိုင်းကေ၏ ဈာပနကို မိတ်ဆွေများက စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အာဏာသိမ်းအဖွဲ့သည် ရာနှင့်ချီသော သတင်းသမားများကို ပုဒ်မမျိုးစုံဖြင့် တရားစွဲဆို၊ ဖမ်းဆီးခြင်းများအပြင် ဖမ်းဆီးခံရသည့် အလွတ်တန်းဓါတ်ပုံသတင်းသမား ကိုစိုးနိုင်မှာ စစ်ကြောရေး၌ သေဆုံးသွားကြောင်း မိသားစုကသတင်းရရှိခဲ့ပြီး ယခု သတင်းအယ်ဒီတာ အေစိုင်းကေမှာ တိုက်ပွဲနယ်မြေတွင် သေဆုံးခဲ့ရခြင်းဖြစ်သည်။