ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်(၂)အတွင်း အာဏာသိမ်းစစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက် ပျက်စီး

ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်(၂)အတွင်း အာဏာသိမ်းစစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက် ပျက်စီး
နိုဝင်ဘာ 1, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ် ဒေါငံခါးရပ်ကွက်(၂)အတွင်း အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်မှုများကြောင့် နေအိမ်များ ထပ်မံ ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။၊

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့တွင် နေ့ခင်း(၁၁)နာရီ (၁၅)မိနစ်ဝန်းကျင်အချိန်က ဒီးမော့ဆိုမြို့နယ် ရွှေယောက်ရပ်ကွက်တွင် ကင်းပုန်းချထားသည့် အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် (၂)ကြိမ် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒေါငံခါးရပ်ကွက်(၂)ရှိ ဂိုဒေါင်တစ်လုံး နှင့် နေအိမ်(၃)လုံး ပျက်စီးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ(၃၁)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်ကလည်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်က  ရပ်ကွက်များအတွင်း လက်နက်ကြီးများဖြင့် (၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်မှုကြောင့် ခေါက်ပလော့ကျေးရွာရှိ ဝက်ခြံအချို့ ထိခိုက် ပျက်စီးမှုများလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် မြို့ပေါ်ရပ်ကွက်အတွင်း ရမ်းသမ်းပစ်ခတ်ခြင်း၊ နေအိမ်များ ဖျက်ဆီးခြင်းများ နေ့စဉ် နီးပါး ပြုလုပ်နေသည့်အတွက် ပြည်သူများအနေဖြင့် အသွားအလာ ဆင်ခြင်ပြီး သတိထား နေထိုင်ကြရန် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားသည်။

အာဏာသိမ်းစစ်တပ်သည် ကယား(ကရင်နီ)ပြည်နယ်အတွင်း နှင့် ရှမ်း-ကယား နယ်စပ်တို့တွင် လက်နက်အင်အား လူအင်အားအများအပြားဖြင့် ကျေးရွာများအထိ တပ်စွဲထားကာ ရမ်းသမ်းပစ်ခတ်မှုများ၊ ပြည်သူအပေါ် အကြမ်းဖက်မှုများနေ့စဉ်ပြုလုပ်နေသည့်အတွက် ကျေးရွာဒေသခံများမှာလည်း တိမ်းရှောင်ထွက်ပြေးနေရကြောင်း သိရသည်။