ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၏ Covid-19 တတိယလှိုင်း ရက်ပေါင်း (၆၀)အတွင်း Covid-19 ကူးစက်ခံထားရသူ (၁၃၈၀)ကျော်နှင့် သေဆုံးသူမှာ (၂၂)ဦး ရှိနေကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ယနေ့ ဩဂုတ်လ(၂၇)ရက်နေ့၏ တစ်နေ့တာ စစ်ဆေးမှုတွင် Covid-19 ကူးစက်ခံထားရသူ စုစုပေါင်း (၇၂)ဦး စစ်ဆေးတွေ့ရှိရာ ရပ်ကွက်(၁)မှ (၂၆)ဦး၊ ရပ်ကွက်(၂)မှ (၄)ဦး၊ ရပ်ကွက်(၃)မှ (၂)ဦး၊ ရပ်ကွက်(၄)မှ (၁၆)ဦး၊ ရပ်ကွက်(၅)မှ (၉)ဦး နှင့် ကျေးရွာအုပ်စုများမှ (၆)ဦး၊ စစ်ဆေးရုံမှ (၉)ဦးတို့ ပါဝင်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၉)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၂၇)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ အမျိုးသား(၇၅၃)ဦး နှင့် အမျိုးသမီး (၆၃၁)ဦး စုစုပေါင်း (၁၃၈၄)ဦးအထိ ရှိနေရာတွင် ဆေးရုံနှင့် Covid-19 စစ်တာများကနေ နေအိမ်ပြန်ခွင့်ရရှိသွားသူမှာ (၇၄၉)ဦးအထိရှိပြီး လက်ရှိတွင် (၆၁၃)ဦးမှာ နေအိမ်ပြန်ရန် အသွားအလာကန့်သတ်ခြင်း သတ်မှတ်ရက်ပြည့်မည့်နေ့ကို စောင့်နေကြောင်း သိရသည်။
ရက်ပေါင်း (၆၀)အတွင်း သေဆုံးသူမှာလည်း အမျိုးသား(၁၅)ဦး နှင့် အမျိုးသမီး (၇)ဦး စုစုပေါင်း (၂၂)ဦးအထိ ရှိနေပြီး အများဆုံးမှာ အသက်ကြီးပိုင်း ရောဂါအခံရှိသူများ ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် Covid-19 ထိန်းချုပ်နိုင်ရေးအတွက် Stay at Home အဖြစ် ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၀)ရက်နေ့က သတ်မှတ်ထားပြီးနောက် မြို့တော်ခန်းမတွင် မည်သူမဆို ကျပ်တစ်သောင်းပေး၍ Covid-19 စစ်ဆေးနိုင်ရန် Fever Clinic ကို ပိတ်ရက်မရှိ ဩဂုတ်လ(၂၃)ရက်နေ့ကစ၍ ဖွင့်လှစ်ပြီး နေ့စဉ် စစ်ဆေးပေးနေကြောင်းလည်း သိရသည်။