ကနီမြို့နယ်အတွင်း  အာဏာသိမ်းစစ်တပ်က ဖမ်းသွားသည့် အရပ်သား (၂၆)ဦးအနက် (၁၆)ဦးအား ညှင်းပန်းနှိပ်စက် သတ်ဖြတ်ထားသည်ကို တွေ့ရှိ

ကနီမြို့နယ်အတွင်း  အာဏာသိမ်းစစ်တပ်က ဖမ်းသွားသည့် အရပ်သား (၂၆)ဦးအနက် (၁၆)ဦးအား ညှင်းပန်းနှိပ်စက် သတ်ဖြတ်ထားသည်ကို တွေ့ရှိ
ဇူလိုင် 18, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် ၊  ချင်းတွင်းမြစ်ကမ်းအရှေ့ဘက်ရှိ ဗမာတိုင်းရင်းသားအများစု နေထိုင်ရာ ယင်းကျေးရွာအုပ်စုမှ ထွက်ပြေးတိမ်းရှောင်ကြစဉ် အာဏာသိမ်းအဖွဲ့၏ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံ (၂၆) ဦးထဲက (၁၆)ဦး  ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရသည့် အလောင်းများကို တွေ့ရပြီး (၄)ဦးလွတ်မြောက်လာသော်လည်း (၆)ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကနီ PDF မှ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁၈) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါ ကျေးရွာသို့ အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့က ဇူလိုင်လ (၉) ရက်နေ့တွင် ဝင်ရောက်လာသဖြင့် အဆိုပါ ကျေးရွာနှင့် ကုန်းသာကျေးရွာအပြင် အခြားဒေသများမှ စစ်ဘေးရှောင် ရောက်နေသူများမှာ တောတောင်၊ ယာခင်းများထဲသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာဏာသိမ်းအဖွဲ့၏ စစ်တပ်က အရပ်သားများ ထွက်ပြေးတိမ်းရှောင်ရာနေရာများကို လိုက်လံရှာဖွေပစ်ခတ်ခဲ့ရာ ဇူလိုင်လ (၉) ရက်နေ့မှာပင် အဖမ်းခံရသည့် ပြည်သူ (၁၁) ဦး၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် အဖမ်းခံရသည့်ပြည်သူ (၁၅)ဦးရှိခဲ့ပြီးနောက် အဖမ်းဆီးခံရသူများမှ အမျိုးသမီး (၄) ဦးကို ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

ယင်းနောက် ဇူလိုင်လ (၁၁) ရက်နေ့တွင် ယင်းကျေးရွာနှင့် ကုန်းသာကျေးရွာကြား တောထဲတွင် ဖမ်းဆီးခံရသည့် စစ်ရှောင်အမျိုးသား (၃) ဦး၏ ရုပ်အလောင်းကို တွေ့ရပြီး ဇူလိုင်လ (၁၂) ရက်နေ့တွင်လည်း ဖမ်းဆီးခံရသည့် စစ်ရှောင်အမျိုးသား (၁၃) ဦး၏ ရုပ်အလောင်းများကို တောထဲတွင် ထပ်မံတွေ့ခဲ့ရကြောင်း သိရသည်။

တောထဲမှ တွေ့ရသည့် ရုပ်အလောင်းများ၏ ခန္ဓာကိုယ်၊ မျက်နှာ ၊ လည်ပင်း ၊ ဦးခေါင်း ၊ ဝမ်းဗိုက်တို့ကို ဓားဖြင့်မွှန်းခံထားရခြင်း ၊ ခြေထောက်ကိုကြိုးတုတ် လက်နောက်ပြန်ကြိုးတုတ် ၊ ဝတ်ဆင် ထားသော အင်္ကျီဖြင့်  မျက်နှာကို လှန်အုပ်ထားခြင်း၊ အချို့သော Dead Body များမှာ လက်နှင့်ခြေထောက်များကို ဖြတ်ခံထားရခြင်း ၊ ခန္ဓာကိုယ်တစ်ခုလုံး ရိုက်နှက်ခံထားရသော ဖူးယောင်နေသည့် ဒဏ်ရာများကို တွေ့ရခြင်း၊ သေနတ်ဒဏ်ရာများကို ဦးခေါင်းနှင့် နဖူးတွင်တွေ့ရခြင်း ၊ လေးယောက်တစ်တွဲ ၊ နှစ်ယောက်တစ်တွဲ၊ တစ်ယောက်ချင်း ကြိုးတုတ်၍ ချောက်ကမ်းပါးများ ၊ တောင်အတက်အဆင်းများ ၊ မြေပဲခင်းများနှင့် တောအစပ်များတွင် ခွဲ၍ သတ်ခံထားရခြင်းများဖြစ်ကြောင်း တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ထားသည်။