ပုလဲမြို့နယ်အတွင်း တောင်ပေါ်ဖက်တွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်က မြို့ထဲ ဝင်လာနေသည်ဟု သတင်းရ၍ ဆိုင်များ အားလုံး အမြန်ပိတ်ထားရ

ပုလဲမြို့နယ်အတွင်း တောင်ပေါ်ဖက်တွင် PDF နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်တပ်က မြို့ထဲ ဝင်လာနေသည်ဟု သတင်းရ၍ ဆိုင်များ အားလုံး အမြန်ပိတ်ထားရ
ဇူလိုင် 11, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း PDF နှင့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်တို့ ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့ နံနက်ပိုင်းက စ၍ တိုက်ပွဲဖြစ်ပွားနေပြီး ညနေပိုင်းတွင် ပုလဲမြို့တွင်းသို့ စစ်တပ်က ဆင်းလာနေပြီဟု သတင်းရ၍ မြို့တွင်းဆိုင်များ အားလုံး အမြန်ဆုံး ပိတ်ထားရကြောင်း သိရသည်။

ဖြစ်တာက တောင်ပေါ်မှာ ဖြစ်တာ။ အဲ့ကနေ စစ်သားတွေ ဆင်းလာနေပြီ။ အခု မင်းတိုင်ပင်ဘက် ရောက်နေပြီတဲ့၊ မြို့ပေါ်က ဆိုင်တွေလည်း ညနေ(၅)နာရီခွဲလောက်က စပြီး အကုန် ပိတ်ထားကြပြီ

ဟု ပုလဲဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၁)ရက်နေ့ ည(၆)နာရီအချိန်က ပြောသည်။

 

ယနေ့ နံနက်(၉)နာရီ (၄၅)မိနစ်ဝန်းကျင်အချိန်က ပုလဲမြို့နယ်အတွင်း ပုံတောင်ပုံညာ အနီးတွင် တိုက်ပွဲများ ဖြစ်ပွားသလို နေ့လည်ပိုင်းကလည်း ဖြစ်ပွားသည်ဟု သိရပြီး လတ်တလော စုံစမ်းချက်အရ အာဏာသိမ်းစစ်ကောင်စီဘက်က ထိခိုက်မှုနှင့်အတူ အသေအပျောက်များရှိသည်ဟု ကြားသိရသော်လည်း အရေအတွက် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

#TachileikNewsAgency