ပုလဲမြို့ရှိ စုပေါင်းရုံးတွင် အာဏာသိမ်းစစ်တပ်က တပ်စွဲထားပြီး NLD နှင့် ပတ်သက်သည်များကို လိုက်လံ ဖျက်ဆီးနေ

NLD ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၏ နေအိမ်
NLD ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၏ နေအိမ်
ပုလဲမြို့ရှိ စုပေါင်းရုံးတွင် အာဏာသိမ်းစစ်တပ်က တပ်စွဲထားပြီး NLD နှင့် ပတ်သက်သည်များကို လိုက်လံ ဖျက်ဆီးနေ
ဇူလိုင် 10, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့ရှိ စုပေါင်းရုံးတွင် အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲထားပြီး မြို့တွင်း ရံဖန်ရံခါ ပစ်ခတ်ခြောက်လန့်မှုများအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပတ်သက်သည်များကို လိုက်လံဖျက်ဆီးမှုများ ယနေ့ ဇူလိုင်လ(၁၀)ရက်နေ့အထိ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။

တပ်စွဲထားတာ (၁၀)ရက်လောက်ရှိပြီ။ အင်အား(၂၀)လောက်ရှိမယ်။ အဲ့ကနေ ဈေးဝယ်ထွက်တာက စစ်သား (၅)ယောက်ပဲ သေနတ်ကြီးတကားကားနဲ့ ထွက်တာ။ ဖမ်းဆီးတာတော့ မရှိဘူး။ သေနတ်တွေ မကြာမကြာဖောက်တယ်။ ခြောက်လန့်နေတယ်

ဟု ပုလဲမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

ပုလဲမြို့၊ ပါရမီရပ်ကွက်ရှိ  NLD ပါတီဝင် စစ်ကိုင်းတိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၏ နေအိမ်ရှေ့ရှိ NLD ဆိုင်းဘုတ်များကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများက ယနေ့ ၂၀၂၁ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်အချိန်က လာရောက်ပြီး ဖျက်ဆီးသွားကြောင်း သိရသည်။

မိုးမရွာခင်လေးမှာ စစ်သားတွေ (၁၅)ယောက်လာပြီး ဖျက်ဆီးသွားတာ။ သေနတ်(၃)ချက်လောက်ဖောက်ပြီး ဦးမြင့်ကြည် အိမ်ရှေ့က NLD ဆိုင်းဘုတ်ကို  ဖျက်ဆီးသွားတယ်။ တခြား ဖမ်းဆီးတာတွေတော့ မရှိဘူး။

ဟု ပုလဲမြို့နေ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စစ်သားများက ပုလဲမြို့တွင်း၌ မထင်ရင် မထင်သလို စစ်ဆေးမှုများ လုပ်ဆောင်သည်မှာ ညပိုင်းများအပြင် နံနက်ပိုင်း ဈေးဝယ်ရင်းပင် စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

မနက်က ယာယီဈေးထဲလဲ ဝင်စစ်တယ်။ သူတို့ ဈေးဝယ်ရင်းနဲ့ လျှောက်စစ်တာ။ ဘာမှတော့ မလုပ်သွားဘူး

ဟု ဒေသခံ တစ်ဦးက ဆိုသည်။  

နံနက်ပိုင်း ယာယီဈေး

ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်နေ့ကလည်း ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးအား အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများက အကြမ်းဖက် ဝင်ရောက် ဖျက်ဆီးမှုများ လုပ်ဆောင်သည့်အပြင် ရုံးအနီးရှိ ကွမ်းယာဆိုင်မှ စစ်တပ်အားပေးထောက်ခံသူ၏ ဆိုင်ကယ် (၂)စီးကို ယူဆောင်သွားသည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပုံအညွန်း - ဆိုင်းဘုတ်ဖျက်ဆီးခံရသည့် ဦးမြင့်ကြည် အိမ် နှင့် နံနက်ပိုင်း ယာယီဈေးပုံ

#TachileikNewsAgency

Photo: CJ