အာဏာသိမ်းအဖွဲ့က ပြန်လွှတ်ပေးသူများတွင် သတင်းသမား (၁၄) ဦး ပါဝင်သော်လည်း ရှမ်းပြည်နယ်တွင်းမှ ဖမ်းဆီးခံရသည့် သတင်းသမား (၅) ဦး ပါဝင်လာခြင်း မရှိသေး

အာဏာသိမ်းအဖွဲ့က ပြန်လွှတ်ပေးသူများတွင် သတင်းသမား (၁၄) ဦး ပါဝင်သော်လည်း ရှမ်းပြည်နယ်တွင်းမှ ဖမ်းဆီးခံရသည့် သတင်းသမား (၅) ဦး ပါဝင်လာခြင်း မရှိသေး
ဇူလိုင် 1, 2021 | ရှမ်းတောင်

နိုင်ငံ့အာဏာသိမ်းထားသည့် စစ်ကောင်စီအဖွဲ့က မတရားဖမ်းဆီးထားသူများမှ အချို့ကို ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့က ပြန်လွှတ်ပေးရာတွင် သတင်းသမား (၁၄) ဦးပါဝင်လာသော်လည်း ရှမ်းပြည်နယ်တွင်းမှ ဖမ်းဆီးခံသတင်းသမားများ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘဲ ဖြစ်နေသည်။

ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် သတင်းသမား (၆) ဦး၊ ဧရာဝတီတိုင်းအတွင်းမှ ထိန်းသိမ်းခံ သတင်းသမား (၃)ဦးနှင့် မန္တလေး အိုးဘိုထောင်တွင် ထိန်းသိမ်းထားသည့် သတင်းသမား (၂) ဦးတို့ ပါဝင်လာသော်လည်း ရှမ်းပြည်နယ်တွင်း ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းသမား (၅) ဦးအပါအဝင် ကျန်ဒေသများတွင် အသီးသီး ထိန်းသိမ်းခံထားရသည့် သတင်းသမားများ ပါဝင်လာခြင်းမရှိသည်ကို တွေ့ရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာနမှ သတင်းသမား (၄) ဦးမှာ ၅၀၅-ကဖြင့် တောင်လေးလုံးအကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံထားရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အခြေစိုက် တာချီလိတ်သတင်းအေဂျင်စီ (Tachileik News Agency) မှ ဓါတ်ပုံသတင်းထောက် (၁) ဦးမှာ ၅၀၅-ကဖြင့် တာချီလိတ်ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းခံထားရခြင်းဖြစ်သည်။



 

အာဏာသိမ်းစစ်ကောင်စီက  ၎င်းတို့ မတရားဖမ်းဆီးထိန်းသိမ်းထားသူများမှ လူဦးရေ (၂၀၀၀) ကျော်ကို ဇွန်လ (၃၀) ရက်နေ့တွင် ပြန်လွှတ်ပေးရာတွင် Myanmar Now မှ မကေဇွန်နွေး၊ Myanmar Pressphoto Agency မှ ကိုရဲမျိုးခန့်၊ 7 Days News မှ ကိုအောင်ရဲကို၊ Zeekwat TV မှ ကိုဟိန်းပြည့်ဇော်၊ Democracy Vision မှ ကိုဇင်သော်နိုင်၊ DVB မှ ကိုသူရစိုး၊ Ayeyarwaddy Times မှ ကိုအောင်မြသန်း၊ မအူပင်ဟစ်တိုင်/MHT News Agency မှ ကိုဇော်မင်းဦး၊ Time Ayeyar မှ မရွှေရည်ဦးနှင့် Mizzima မှ ကိုရဝေအောင် အပါအဝင် အလွတ်တန်းသတင်းသမားများဖြစ်ကြသည့် ကိုဗညားဦး၊ ကိုစိုးရာဇာထွန်း၊ ကိုစိုးမင်းသူ ပါဝင်လာခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က သတင်းလွတ်လပ်ခွင့်ကိုပိတ်ပင်ခြင်းများ ပြုလုပ်နေရာ ဇူလိုင်လ (၁) ရက်နေ့အထိ  သတင်းသမား (၈၈) ဦးကို ဖမ်းဆီးပြီး (၂၆) ဦးကို ဖမ်းဝရမ်းထုတ်ထားကာ သတင်းမီဒီယာ (၈) ခုကို လိုင်စင်ရုပ်သိမ်းထားခြင်းဖြစ်သည်။