ဩစတေးလျနိုင်ငံရောက် မြန်မာပညာတော်သင်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီအဖွဲ့ကို ဆန့်ကျင်သည့်လှုပ်ရှားမှုများ၌ ပါဝင်ခြင်း မပြုကြောင်း ခံဝန်ကတိရေးထိုးရမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူမည်ဟု ကင်ဘာရာအခြေစိုက် မြန်မာသံရုံးက အကြောင်းကြားထားသည်ဟု ABC News က ၂၀၂၁ ခုနှစ် ဇွန်လ (၂၈) ရက်နေ့တွင် ဖေါ်ပြထားသည်။
ပညာတော်သင်များအနေဖြင့် မြန်မာ့စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) များတွင် ပါဝင်ခြင်းမရှိကြောင်း ခံဝန်ကတိပေးပို့ကြရမည်ဟု ပညာတောင်သင်များထံ ပို့ထားသည့် အကြောင်းကြားစာ၌ ဖေါ်ပြထားသည်ဟု သိရသည်။
အစိုးရဝန်ထမ်းအများစုဖြစ်သည့် ဩစတေးလျရောက် ပညာတော်သင်မြန်မာများအနေဖြင့် CDM တွင် မပါဝင်ရန်နှင့် CDM အတွက် လှုံ့ဆော်ခြင်းမပြုရန်အပြင် အစိုးရအား သစ္စာစောင့်သိရန်၊ လူမှုကွန်ရက်တွင် အစိုးရကို ဆန့်ကျင်သည့်အရေးအသားများ မရေးကြရန်ကိုလည်း သတိပေးထားသည်ဟု သိရသည်။
ခံဝန်ကတိများအား ဇူလိုင်လ (၇) ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ကြရန်နှင့် ခံဝန်ကတိမပေးပို့သူများ၊ အကြောင်းကြားစာပါ အကြောင်းအရာများကို ဖေါက်ဖျက်သူများကို တည်ဆဲဥပဒေအရ အရေးယူမည်ဟုလည်း ဖေါ်ပြထားကြောင်း သိရသည်။
Source: ABC News