မင်းကင်းမြို့နယ် တောင်တွင်းချောင်တွင် အာဏာသိမ်းစစ်တပ်မှ ဘုရားရွှေဖိုးအပါအဝင် ကျပ်ငွေ သိန်း (၄၀) ကျော်ကို လုယက်ယူဆောင်

မင်းကင်းမြို့နယ် တောင်တွင်းချောင်တွင် အာဏာသိမ်းစစ်တပ်မှ ဘုရားရွှေဖိုးအပါအဝင် ကျပ်ငွေ သိန်း (၄၀) ကျော်ကို လုယက်ယူဆောင်
ဇွန် 15, 2021

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တောင်တွင်းကျေးရွာတွင် အာဏာသိမ်းစစ်တပ်မှ ဘုရားရွှေဖိုးငွေ ကျပ် (၇) သိန်းအပါအဝင် ကျပ်သိန်း (၄၀) ကျော်ခန့်ကို ဇွန်လ (၁၄) ရက်နေ့ကနေအိမ်များအတွင်း အကြမ်းဖက်လုယက် ယူဆောင်သွားကြောင်း ကနီမြို့နယ်အခြေပြု သင်္ဂတုံချောင်းရိုးသတင်းစဉ်က ဖော်ပြထားရှိသည်။ 



တောင်တွင်းကျေးရွာအတွင်းရှိ ဘုရားဂေါပကအဖွဲ့ဝင်ထံက ဘုရားရွှေဖိုး ကျပ် (၇) သိန်း အပါအဝင် နေအိမ် (၇) လုံးမှ တွေ့ရှိသူများကို ဖမ်းဆီးရိုက်နှက်ပြီး နေအိမ်များအတွင်းဝင်ရောက်မွှေနှောက်ကာ ငွေကျပ် (၄၁) သိန်းကျော်ခန့်ကို ယူဆောင်သွားကြောင်း သိရသည်။



၂၀၂၁ ခုနှစ် ဇွန်လ၏ (၁၀)ရက်နှင့် (၁၁)ရက်နေ့များတွင် အာဏာသိမ်းစစ်ကောင်စီတပ်များသည် ကနီမြို့နယ်၊ ဆယ်ရွာချောင်ဒေသရှိ ကျေးရွာများမှနေအိမ်များကို မွှေနှောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း နှင့် ဇွန်လ၏ (၁၂)ရက်နှင့် (၁၃)ရက်နေ့များတွင် မင်းကင်းမြို့နယ်၊ တောင်တွင်းချောင်ဒေသရှိ ကြာပင်၊ ယင်းမာ၊ တောင်စာရေး၊ ပိက္ခယားကျေးရွာများရှိ နေအိမ်များကို မွှေနှောက်ရှာဖွေမှုများလုပ်ဆောင်ခဲ့ပြီးနောက် တောင်တွင်းကျေးရွာသို့ ထပ်မံရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။