စစ်မက်ဖြစ်ပွားချိန်တွင် ခိုလှုံခွင့်ရှိသည့် ကြားခံနယ်အဖြစ် သတ်မှတ်ထားသည့် ဘာသာရေးအဆောက်အဦများ၊ ဆေးရုံနှင့် စာသင်ကျောင်းများအား တိုက်ခိုက်ခြင်းမပြုကြဘဲ နိုင်ငံတကာစစ်ဥပဒေကို လိုက်နာကြရန် မြန်မာနိုင်ငံကတ်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၁) ရက်နေ့၌ မေတ္တာရပ်ခံလိုက်သည်။
အာဏာသိမ်းစစ်ကောင်စီတပ်များက ကယားပြည်နယ်ကို တိုက်ခိုက်မှုအတွင်း လွိုင်ကော်တစ်ဝိုက်ရှိ ဘုရားရှိခိုးချောင်း (၄) ကျောင်း တိုက်ခိုက်ခံရပြီး ဘုရားကျောင်းများတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များမှာလည်း တောတောင်များထဲထိ ထွက်ပြေးတိမ်းရှောင်နေကြရကာ အစာရေစာငတ်မွတ်နေကြရသဖြင့် လူသားချင်းစာနာမှု အကူအညီများ အမြန်ဆုံးရောက်ရှိခွင့်ပြုရန် သက်ဆိုင်သူများအားလုံးထံ မေတ္တာရပ်ခံထားသည်။
ကယားပြည်နယ်တွင် စစ်ဘေးရှောင်များအား စားနပ်ရိက္ခာပို့သူများကို အာဏာသိမ်းစစ်ကောင်စီ၏တပ်က ဖမ်းဆီးခြင်း၊ ပစ်သတ်ခြင်းများလည်း ရှိနေခြင်းဖြစ်သည်။