မိုးဗြဲမြို့တွင် PDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း PDF တစ်ဦး ကျဆုံး 

မိုးဗြဲမြို့တွင် PDF နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း PDF တစ်ဦး ကျဆုံး 
ဇွန် 5, 2021

ကယား(ကရင်နီ)ပြည်နယ်နှင့်နယ်စပ်ဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) မိုးဗြဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်တို့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီး PDF တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးသွားကြောင်း သိရသည်။ 

ပစ်ခတ်နေတာက မနက်ကတည်းကပဲ။ ဝေးဝေးတစ်ခါပေါ့။ ဒီနေ့လယ်ကစပြီး ပြင်းထန်လာတာပေါ့။ နှစ်ဖက် ပစ်ခတ်နေတယ်။ စစ်တပ်ကတော့ ထုံးစံတိုင်း လက်နက်ကြီးတွေနဲ့ မိနစ်ခြားပြီး ပစ်နေတယ်။ အခု ပိုပြင်းထန်နေတဲ့ အနေထားမှာရှိတယ်။ အခု PDF ထဲကတော့ တစ်ယောက်ကျသွားတယ်  

ဟု  ​မိုးဗြဲဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်တပ်တို့ကြား နေ့လယ် (၂) နာရီဝန်းကျင်က စတင်၍ အပြင်းအထန် တိုက်ခိုက်မှုအတွင်း အာဿာသိမ်းတပ်က လက်နက်ကြီးဖြင့်ပါ ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ အခုတိုက်ပွဲထဲမှာ ပစ်နေကြတယ်။ ပွဲကတော့ သူပစ်ကိုယ်ပစ်ပဲ။ ထိခိုက်ဒဏ်ရာရတော့ ရှိတယ်။ လောလောဆယ် ကျွန်တော်တို့ ဘာမှမပြောနိုင်သေးဘူး။

ဟု မြေပြင်တွင်ရှိနေသည့် မိုးဗြဲ PDF အဖွဲ့ဝင်တစ်ဦးကပြောသည်။ 

ဇွန်လ (၅) ရက်နေ့ ညနေ (၃)နာရီခွဲထိ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က  လက်နက်ကြီးဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့ပြီး PDF တစ်ဦးမှာ လက်နက်ကြီးထိမှန်ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်က  မိုးဗြဲမြို့ ဘုရားကျောင်းအတွင်း ဝင်ရောက်ကာ ပြည်သူ (၅)ဦးဖမ်းဆီးပြီး တိုက်ပွဲအတွင်း လူသားဒိုင်းကာအဖြစ် သုံးခဲ့သည်ဟုသိရပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်။



#TachileikNewsAgency