ဖားကန့်မြို့နယ် မနကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်း နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့်မြို့နယ် မနကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်း နေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ခံရ
မေ 31, 2021

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာတွင် တိမ်းရှောင်နေရသည့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်းတစ်ဦး နေအိမ်သို့ ၂၀၂၁ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ခေတ္တပြန်အလာ အိမ်ရှေ့၌ သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားရကြောင်း သိရသည်။

သူက NLD လက်ထက်က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးဟောင်းပါ။ အာဏာသိမ်းပြီးကတည်းက အိမ်မှာ ဘယ်သူမှ မအိပ်ရဘူး။ ရှောင်နေရတာ။ အခု အိမ်ကိုခဏပြန်အလာ အပစ်ခံရတာ။ ခေါင်းတည့်တည့်ကို ပစ်သွားတာ (၇) ချက်လောက်ရှိတယ်လို့ မြင်လိုက်သူတွေက ပြောတယ်

ဟု အုပ်ချုပ်ရေးမှူး၏ ဆွေမျိုးတော်စပ်သူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။

မနကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဟောင်း ဦးတင်စိုးကို ယနေ့ နေ့လယ် (၂) နာရီ မိနစ် (၄၀) ဝန်းကျင်၌ အမည်မသိ ဆိုင်ကယ်သမားတစ်ဦးက နေအိမ်ရှေ့အဝင်တွင် သေနတ်ဖြင့် (၇) ချက်ပစ်ပြီး မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။