ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့် KNU တို့ ၂၀၂၁ ခုနှစ် မေလ (၂၂) ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ရာ ကရင်နယ်ခြားစောင့်တပ်က စစ်ကောင်စီဘက်မှ ဝင်ရောက်တိုက်ခိုက်ပေးကြောင်း သိရသည်။
ဖာပွန်ခရိုင် မထောကျေးရွာနှင့် ခွေးသေကျေးရွာအကြား ဖာပွန် - ကတိုင်ထိလမ်းမပေါ်တွင် နေ့လယ် (၁၂) နာရီခွဲဝန်းကျင်မှစ၍ တစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အထိအခိုက်အကျအဆုံးကို မသိရသေးကြောင်း KNU ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားသည်။
KNU တပ်မဟာ(၅) နယ်မြေဖြစ်သည့် ဖာပွန်ခရိုင်အတွင်းရှိ အာဏာသိမ်း စစ်ကောင်စီ၏ တပ်စခန်းများကို KNU က ဧပြီလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှကူညီနေသည့် ကရင်နယ်ခြားစောင့်တပ်(BGF)က KNU တပ်မဟာ(၅)နယ်မြေအတွင်း ဝင်ရောက်လာမှုများရှိနေရာ မေလ (၂၀) ရက်နေ့ကလည်း BGF ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး (၁) ဦးသေဆုံးကာ (၃) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။