ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း လိုင်စင်မဲ့ကား တင်သွင်း ရောင်းချမှုရှိ မရှိကို ၂၀၂၁ခုနှစ် မေလ(၁၂)ရက်နေ့က စ၍ စတင်စစ်ဆေးမှုများပြုလုပ်မည်ဟု ကြားသိရသည်။
အဓိက အားဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ခရိုင်(၃)ခရိုင်ရှိ ကားအရောင်း Showroom များကို ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်မည်ဟု သိရပြီး မြို့အဝင်အထွက်များတွင်လည်း လိုင်စင်မဲ့ကား တင်သွင်းပို့ဆောင်နေမှု ရှိမရှိကိုပါ စစ်ဆေးနိုင်ခြေရှိသည်ဟု ကျိုင်းတုံမြို့မှ ဝန်ထမ်းတစ်ဦးထံက သိရသည်။
လိုက်ဖမ်းတာမျိုးတော့ မလုပ်နိုင်သေးဘူး။ Showroom တွေမှာ လိုက်စစ်ကြောင်း မှတ်တမ်းရိုက် အစစ်ပြတာတွေတော့ လုပ်နိုင်တယ်။ မြို့အဝင်အထွက်လည်း စစ်ဖို့ရှိတယ်။ အဓိက ကတော့ လိုင်စင်မဲ့ကား တင်သွင်းရောင်းချတာတွေကို စစ်မဲ့သဘော။ အဲ့လို စစ်တဲ့အချိန် ပွဲစားမဟုတ်ဘဲ ရိုးရိုးလူအနေနဲ့ လိုင်စင်မဲ့ ကားစီးလာရင်တော့ ဖမ်းမလား မဖမ်းဘူးလားဆိုတာကိုလည်း ပြောရခက်တယ်။ အခုက အရင်လို မဟုတ်တော့ အစိုးမရဘူး။ အရင်တုန်းကဆို ကြိုတင်အသိပေး ပညာပေးတာမျိုးရှိပေမဲ့။ အခုက တချို့နေရာတွေမှာက ဖမ်းတာမျိုးပါရှိနေတော့ ဒီမှာလည်း ဘယ်လို လာဦးမလဲဆိုတာ ပြောဖို့ခက်တယ်
ဟု ကျိုင်းတုံမြို့မှ အမည်မဖော်လိုသူ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၁)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း ခရိုင်များဖြစ်သည့် တာချီလိတ်၊ မိုင်းဆတ် နှင့် ကျိုင်းတုံခရိုင်တို့ရှိ မြို့များတွင် ယခင်ကလို ကြိုတင်အသိပညာပေးခြင်းမျိုး မလုပ်တော့ဘဲ Showroom များကို ရှောင်တခင် စစ်ဆေးခြင်း၊ မြို့အဝင်အထွက်များတွင် ရှောင်တခင် စစ်ဆေးမှုများပါ လုပ်ဆောင်မည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း လိုင်စင်မဲ့ဆိုင်ကယ် ရောင်းချမှုများကို စစ်ဆေးခဲ့သည့်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းရှိ ဆိုင်ကယ် ဝယ်ရောင်း ဆိုင်များအားလုံး ပိတ်ထားရသည်မှာ ယနေ့ အထိဖြစ်သည်။