ပြည်သူ့ဘက်ကာ ရပ်တည်ကာ CDM လုပ်ဆောင်ထားပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းများ၏ နိုင်ငံကူးလက်မှတ်များကို ပယ်ဖျက်သွားမည်ဖြစ်ပြီး သက်ဆိုင်ရာဌာနများက အမည်ပျက် Blacklist စာရင်းသွင်းမည်ဖြစ်ကြောင်း ယနေ့ ဧပြီလ(၂၀)ရက်နေ့ ညပိုင်းတွင် အာဏာသိမ်းစစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားက သတင်းကြေညာသွားသည်။
ယင်းအပြင် CDM လုပ်ဆောင်ထားပြီး ပြင်ပပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများတွင် ဆေးကုသသည့် အလုပ်များ လုပ်ကိုင်နေပါက လုပ်ကိုင်ခွင့် ပြုသည့် ဆေးရုံ/ဆေးခန်း လုပ်ငန်းများ၏ လိုင်စင်များကိုလည်း ပိတ်သိမ်းသွားမည်ဖြစ်ကြောင်နှင့် ဆေးရုံ/ဆေးခန်းပိုင်ရှင်များကိုလည်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ပြင်းပြင်းထန်ထန် အသိပေးထားသည်။
နိုင်ငံအတွင်း၌ CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်းများစွာရှိနေပြီး လတ်တလောတွင် တစ်နေ့လျှင် (၂၀)ဦးနှုန်းဖြင့် ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် ကျန်းမာရေးဝန်ထမ်းများ၏ အမည်စာရင်းများကို ဧပြီလ(၁၃)ရက်နေ့က စ၍ ကြေညာနေရာ ဧပြီလ(၂၀)ရက်နေ့အထိ (၁၆၀)ဦး ရှိနေပြီဖြစ်သည်။