အာဏာသိမ်းအဖွဲ့က ကြေညာနေသည့် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားသူများ၏ စာရင်းတွင် တာချီလိတ်မြို့ ကျားခေါင်းပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦး ပါဝင်နေ

အာဏာသိမ်းအဖွဲ့က ကြေညာနေသည့် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားသူများ၏ စာရင်းတွင် တာချီလိတ်မြို့ ကျားခေါင်းပါတီမှ ကိုယ်စားလှယ်လောင်း တစ်ဦး ပါဝင်နေ
ဧပြီ 12, 2021

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က ယနေ့ ဧပြီလ(၁၂)ရက်နေ့တွင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ရှာဖွေနေသည့် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်(၂၀)ဦး၏ အမည်စာရင်းများကို ထုတ်ပြန်ကြေညာရာတွင် တာချီလိတ်မြို့မှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ပါဝင်သည်။

အမှုဖွင့်ခံထားရသူမှာ တာချီလိတ်မြို့တွင် ၂၀၂၀ ရွေးကောက်ပွဲကာလအတွင်း တာချီလိတ်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ ဒေါ်နန်းပင်းတစ် ဖြစ်သည်။

ဒေါ်နန်းပင်းတစ်အား ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)ဖြင့် ၂၀၂၁ခုနှစ် မတ်လအတွင်းက အမှုဖွင့်ထားခြင်းဖြစ်သော်လည်း ယနေ့ ဧပြီလ(၁၂)ရက်နေ့မှ ယခုလို ကြေညာခြင်း ဖြစ်သည်။

အလားတူပင် ထုတ်ပြန်ချက်တွင် တာချီလိတ် လိပ်စာများဖြင့်  ၂၀၁၈ မယ်စကြဝဠာ မြန်မာ အလှမယ် နှင်းသွေးယုအောင် အား ဧပြီလ(၃)ရက်နေ့က လည်းကောင်း၊ ဇေယျာဖြိုးအား ဧပြီလ(၉)နေ့က လည်းကောင်း ယခု ဒေါ်နန်းပင်းတစ်အား ဧပြီလ(၁၂)ရက်နေ့တွင် လည်းကောင်း အသီးသီးထုတ်ပြန်ကြေညာထားခြင်း ဖြစ်သည်။



ယနေ့ ဧပြီလ(၁၂)ရက်နေ့ ညပိုင်းထုတ်ပြန်သည့် စာရင်းတွင် အဆိုတော်အောင်ထက်၊ ရဲမင်းကြည်၊ မွန်လေး၊ သဇင်သော်၊ ဝင်းနိုင်၊ တင်မောင်ဝင်း၊ အိမ့်ဖူးဝေသော်၊ ပြည့်စုံအောင်၊ အေးအေးမွန်၊ ဝင်းမြင့်၊ နိုင်ဇော်၊ သင်းသင်းနွယ်၊ အောင်သူရဇော်၊ နန်းပန်၊ သန့်ဇင်အောင်၊ နန်းပင်းတစ်၊ အောင်ပြည့်စုံ၊ အောင်ကြီး၊ ဘုန်းနိုင်ရွှေ၊ ဗစ်တာဆွေမြင့်တို့ ပါဝင်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ အဖွဲ့က ပုဒ်မ-၅၀၅(က)ဖြင့် အမှုဖွင့်ကာ ရှာဖွေနေသည့် စာရင်းများကို တစ်နေ့လျှင် (၂၀)ဦးနှုန်းဖြင့် ဧပြီလ၏ ပထမပတ်အတွင်းက ထုတ်ပြန်ကြေညာနေခြင်း ဖြစ်သည်။