စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့မှ ဧပြီလ(၇)ရက်နေ့က ပြည်သူ (၁၂)ဦးကို လက်နက်ကြီး လက်နက်ငယ်များဖြင့် လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ပြီး (၁၈)ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တောင်ဇလပ်ရပ်ကွက်၊ ကျန်စစ်သားလမ်းပေါ်တွင် အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က ဧပြီလ(၈)ရက်နေ့ နံနက် (၅)နာရီဝန်းကျင်ကစ၍ ညပိုင်းအထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် နေရာအနှံ့တွင် ပစ်ခတ်မှုများ လုပ်ဆောင်ခြင်း ဖြစ်သည်။
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လက်ပြတ်သွားသည်အထိ ဒဏ်ရာကြီးကြီးမားမားရရှိသွားသူအပြင် အခြား ထိခိုက်ဒဏ်ရာအများအပြားရှိနေ၍ ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။
ဖမ်းဆီးခံရသည့် (၁၈)ဦးထဲက အချို့ကို ရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်ထား၍ မျက်နှာများမှာ ဖူးရောင်နေသည်ကို တွေ့ရပြီး ၎င်းတို့နှင့်အတူ ဂတ်စ်သေနတ်များ၊ တူမီးသေနတ်များ၊ လက်လုပ်ဗုံးများ၊ လက်လုပ်သေနတ်များ၊ လေးဂွများ၊ ဂျင်ကလိများသိမ်းဆည်းရမိကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။