ကလေးမြို့တွင် မိုးလင်းကတည်းက စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့မှ ပစ်ခတ်ဖြိုခွဲနေ

ကလေးမြို့တွင် မိုးလင်းကတည်းက စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲ့မှ ပစ်ခတ်ဖြိုခွဲနေ
ဧပြီ 7, 2021

ကလေးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်အဖွဲ့က ယနေ့ ဧပြီလ(၇)ရက်နေ့ နံနက်(၅)နာရီဝန်းကျင်ကတည်းက လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ဖြိုခွင်းမှုများ လုပ်ဆောင်နေခြင်းကြောင့် ခံတပ်များလည်း ဖြိုဖျက်ခံရသလို သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေသည်။

တာဟန်ဈေးအနီးတွင် ဆိုင်ကယ်မောင်းလာသည့် ပြည်သူတစ်ဦးကို အကြမ်းဖက် အဖွဲ့က အနောက်ကနေ ပစ်ခံလိုက်ခြင်းကြောင့် ခြေထောက်ကို ထိမှန်သွားကြောင်း နှင့် အခြားနေရာတစ်ခုတွင် ပစ်ခတ်မှုကြောင့် လက်ပြတ်သွားသည်အထိလည်း ရှိကြောင်း သိရသည်။

"မနက်အစောကတည်းက တောက်လျှောက် ပစ်ခတ်နေတာ၊ လောလောဆယ်အထိ (၃)ယောက် ထိသွားတယ်လို့ ကြားတယ်။ အတိအကျတော့ မသိရသေးဘူး။ ကျွန်တော်တို့ အိမ်နားအထိ သူတို့တွေ လာပြီး အချုပ်ကားတွေနဲ့ ပတ်နေတယ်၊"ဟု ကလေးမြို့နေ ဒေသခံတစ်ဦးက ပြောသည်။

 

ကလေးမြို့၏ အနောက်ဖက်  ချင်းရွာတွင်းသို့လည်း ဝင်ရောက်ကာ နေအိမ်တွေများအထိ ဝင်ရောက်အကြမ်းဖက်မှုများရှိနေပြီး လမ်းများတွင် ကင်းပုန်းဝတ်ကာ ချောင်း၍ ပစ်ခတ်မှုများရှိနေသည့်အတွက် ထိခိုက်ဒဏ်ရာရရှိသူများကိုယ် သယ်ဆောင်နိုင်ရန် လူနာတင်ယာဉ်လည်း သွားရန် မလွယ်ကူကြောင်းသိရသည်။

လက်ရှိအခြေအနေအထိ ဒဏ်ရာရရှိသူ  အများအပြား နှင့် သေဆုံးသူများရှိသည်ဟု သိရသော်လည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။