ရန်ကုန်မြို့ လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ၂၀၂၁ ခုနှစ် မတ်လ (၁၉) ရက်နေ့ ည (၁၀)နာရီခွဲဝန်းကျင်က အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲအဖွဲ့က ကင်းပုန်းစောင့် ပစ်ခတ်မှုကြောင့် အမျိုးသား (၁) ဦးသေဆုံးသွားကြောင်း သိရသည်။
လှိုင်မြို့နယ်၊ သုခမှတ်တိုင်အနီး အင်းစိန်လမ်းမတွင် အရပ်ဝတ်ဖြင့်လူများရောက်နေသည်ကို တွေ့၍ထွက်ကြည့်ရာမှ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
"လူရိပ်လူကဲ ထွက်ကြည့်တာ။ အရပ်ဝတ်တွေနဲ့ဆိုတော့"ဟု ပတ်ဝန်းကျင်တွင် နေထိုင်သူတစ်ဦးက ပြောပြသည်။
ပစ်ခတ်ဖမ်းဆီးမှုကြောင့် အခြားထိခိုက်ဒဏ်ရာရသူ ရှိ/မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးပါ။
အင်းစိန်လမ်းမ တလျှောက်တွင် အရပ်ဝတ်လူများနှင့် လက်နက်ကိုင်များ လိုက်ပါလာသည့် အရပ်ဖက်ကားများ၊ သဲတင်ထရပ်ကားများရောက်လာပြီး အရပ်ဝတ်အချို့က မှတ်တိုင်များအနီးတွင် ကင်းပုန်းစောင့်နေပြီး အရပ်ဝတ် အချို့က လမ်းပေါ်မှ အတားအဆီးများကို ဖယ်ရှားနေသည်ကို တွေ့ရကြောင်း အနီးဝန်းကျင်နေအိမ်များက ဆိုသည်။
ရန်ကုန်မြို့တွင်း လမ်းများမှ အတားအဆီးများဖယ်ရှားရန် အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲတို့က ပေါ်တာဆွဲထားသူများလည်းရှိရာ လမ်းပေါ်မှ အတားအဆီးများ ဖယ်ရှားနေသည့် အရပ်ဝတ်များမှာ အရပ်သား သို့မဟုတ် လက်နက်ကိုင်အဖွဲ့မှ ဆိုသည်ကို မခွဲခြားနိုင်ကြောင်း ပတ်ဝန်းကျင်နေအိမ်များမှ တွေ့ရှိသူများက ဆိုသည်။
လှိုင်မြို့နယ်တွင် ယမန်နေ့ကလည်း ယင်းကဲ့သို့ ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။