မြန်မာ့အရေးဆွေးနွေးရန်အတွက် အာဆီယံ အဆင့်မြင့် ခေါင်းဆောင်များ အစည်းအဝေးခေါ်ယူရေး အင်ဒိုသမ္မတ တောင်းဆို

မြန်မာ့အရေးဆွေးနွေးရန်အတွက် အာဆီယံ အဆင့်မြင့် ခေါင်းဆောင်များ အစည်းအဝေးခေါ်ယူရေး အင်ဒိုသမ္မတ တောင်းဆို

မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းမှုများ ရပ်တန့်စေရေးအတွက် အာဆီယံအဆင့်မြင့်ခေါင်းဆောင်များ အစည်းအဝေးကျင်းပဆွေးနွေးရန် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၂၀၂၁ ခုနှစ် မတ်လ (၁၉) ရက်နေ့၌ တောင်းဆိုလိုက်သည်။



"မြန်မာ့အရေးဆွေးနွေးကြဖို့ အာဆီယံအဆင့်မြင့်ခေါင်းဆောင်အဆင့် အစည်းအဝေးလုပ်ဖို့ (အာဆီယံအလှည့်ကျဥက္ကဌ) ဘရူနိုင်းဒါရုဆလန်ရဲ့ ဆူလတန်ဆီကို ချက်ချင်းပဲဖုန်းဆက်မှာဖြစ်ပါတယ်"ဟု သမ္မတဂျိုကိုဝီက အွန်လိုင်းမှ ပြောကြားသည့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။



မတ်လ (၁၈)ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံကာကွယ်ရေးဦးစီးချုပ်များ၏ အစည်းအဝေးတွင်လည်း မြန်မာစစ်တပ်အနေဖြင့် လက်နက်မဲ့ပြည်သူများအား အကြမ်းဖက်ခြင်းကို ရပ်တန့်ရန် စင်္ကာပူကာကွယ်ရေးဝန်ကြီးက တောင်းဆိုထားခြင်းဖြစ်သည်။



မြန်မာနိုင်ငံက စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို လက်မခံသည့်ပြည်သူများအား အင်အားသုံးအကြမ်းဖက်ဖြိုခွင်းမှုများကြောင့် သေဆုံးရသည့်ပြည်သူ (၂၀၀) ကျော်ရှိသွားပြီဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူ (၂၀၀၀) ကျော်ရှိနေပြီဖြစ်သည်။



ယင်းအပြင် အာဏာသိမ်းအဖွဲ့က ရပ်ကွက်များအတွင်း ဝင်ရောက်ပစ်ခတ်ခြင်း၊ လိုက်လံရှာဖွေဖမ်းဆီးခြင်းများကိုလည်း လုပ်ဆောင်နေသော်လည်း စစ်အာဏာသိမ်းမှု လက်မခံသည့် ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်နေကြဆဲဖြစ်သည်။

#TachileikNewsAgency

Source: straitstimes