ရန်ကုန်မြို့ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် သတင်းသမားများအနက်မှ (၆) ဦးကို မတ်လ (၁၂) ရက်နေ့တွင် video conferencing ဖြင့် စတင်ရုံးထုတ်သည်။
"ဒီနေ့ ရုံးထုတ်မယ်ဆိုတော့ တရားရုံးရှေ့မှာ လူတွေက မနက် (၉)နာရီခွဲလောက်ကတည်းက ရောက်နေကြတာ။ မနက် (၁၀)နာရီခွဲတဲ့အထိ ရုံးကမဖွင့်ဘူး။ ရုံးဖွင့်တော့ သတင်းထောက်တွေဘက်က လိုက်ပေးမယ့် ရှေ့နေက အထဲဝင်ပြီးမေးတော့ video conferencing နဲ့စစ်မယ်လို့ ပြောတယ်။ အဲဒါကို ရှေ့နေက အပြင်ကလူတွေကို လှမ်းပြောပြပေးတယ်။ အဲဒီလိုပြောနေတဲ့အချိန်မှာ အမေရိကန်သံရုံးကအရာရှိ ရောက်လာတယ်။ အဲဒါပြီးတော့ ၁၅ မိနစ်လောက်နေတော့ ရဲတွေ လက်နက်အပြည့်အစုံနဲ့ ရောက်လာတယ်။ အဓိကရုဏ်းနှိမ်နှင်းရေးသုံးတဲ့ ပြောင်းချောသေနတ်တွေပါ ပါတယ်။ အင်အားက (၁၂) ယောက်၊ (၁၃) ယောက်လောက်ပါမယ်။ ရဲမှူးတစ်ယောက်ပါတယ်။ အဲဒီရဲမှူးက လူစုခွဲခိုင်းတာပေါ့နော်။ (၅) ယောက်ထက် ပိုမစုနဲ့ဆိုပြီး လူစုခွဲတယ်။ ဒီနေ့ ရုံးထုတ်မယ့် သူငယ်ချင်းတွေကို တွေ့ဖို့လာတာ။ ဒါပေမဲ့ မတွေ့ခဲ့ရဘူး"ဟု တရားရုံးရှေ့တွင် ရောက်နေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
စစ်အာဏာရှင်ဆန့်ကျင်သည့် ရန်ကုန်လူထုဆန္ဒထုတ်ဖေါ်မှုကို သတင်းရယူနေစဉ်အတွင်း ဖမ်းဆီးခံရပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် သတင်းထောက်များအနက်မှ Myanmar Now သတင်းဌာနမှ မကေဇွန်နွေး၊ Associated Press (AP) မှ ကိုသိန်းဇော်၊ Freelance Journalist ဖြစ်သည့် ကိုဗညားဦး၊ 7 Day News မှာ ကိုအောင်ရဲကို၊ MPA မှ ကိုရဲမျိုးခန့်နှင့် ZeeKwat Media မှ ကိုဟိန်းပြည့်အောင်တို့ကို ပုဒ်မ ၅၀၅ က ဖြင့် တရားစွဲဆိုကာ ပထမဆုံးအကြိမ်အဖြစ် ရုံးထုတ်လာခြင်းဖြစ်သည်။
စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် (၃၉) ရက်ကြာဖြစ်သည့် ၂၀၂၁ ခုနှစ် မတ်လ (၁၁) ရက်နေ့အထိ မြစ်ကြီးနား၊ မုံရွာ၊ ရန်ကုန်၊ ဟားခါး၊ မကွေး၊ ပုသိမ်၊ ပြည်၊ မော်လမြိုင်၊ မြိတ်၊ မိတ္ထီလာ၊ တောင်ကြီးတို့မှ ဖမ်းဆီးခံရသည့် သတင်းသမား (၃၈)ဦးရှိသည့်အနက် မတ်လ (၁၂) ရက်နေ့အထိ (၁၉) ဦးပြန်လွတ်လာပြီး ယင်းတို့အနက်မှ အချို့မှာ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို အတည်ပြုနိုင်ခြင်းမရှိဘဲဖြစ်နေသည်။
စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် ပုဂ္ဂလိကရုပ်သံလိုင်းများကို စတင်ဖြတ်တောက်လိုက်ပြီးနောက် သတင်းဌာန (၅) ခုကို ထုတ်ဝေခွင့်ပိတ်ကာ သတင်းဌာနတစ်ခုကို တရားစွဲဆိုထားသည့်အပြင် ဆန္ဒပြသူများအား အကြမ်းဖက်ဖြိုခွင်းမှုများကို သတင်းရယူနေသည့် သတင်းသမားများအား အကြမ်းဖက်ဖမ်းဆီးခြင်း၊ သတင်းထုတ်လုပ်မှုများ အဟန့်အတားဖြစ်စေရန် သတင်းသမားများအား တရားစွဲဆိုခံရခြင်းများလည်း လုပ်ဆောင်နေခြင်းဖြစ်သည်။