မြောက်ဥက္ကလာ ကန်သာယာသပိတ် အကြမ်းဖက်ဖြိုခွဲခံရပြီး (၂)ဦး သေနတ်ဒဏ်ရာရ၊ ရာနှင့်ချီ အဖမ်းခံရ

မြောက်ဥက္ကလာ ကန်သာယာသပိတ် အကြမ်းဖက်ဖြိုခွဲခံရပြီး (၂)ဦး သေနတ်ဒဏ်ရာရ၊ ရာနှင့်ချီ အဖမ်းခံရ
မတ် 10, 2021

ရန်ကုန်မြို့ မြောက်ဥက္ကလာ ကန်သာယာဘက်တွင် ၂၀၂၁ ခုနှစ် မတ်လ (၁၀) ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသည့် သပိတ်ကို နှစ်ဖက်ပိတ်၍ ပစ်ခတ်ဖြိုခွင်းမှုကြောင့် (၂) ဦး ပစ်ခတ်ခံရပြီး ရာနှင့်ချီ၍ ဖမ်းဆီးခံရကြောင်း သိရသည်။

ကန်သာယာသပိတ်ကို အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် စစ်တပ်နှင့်ရဲတို့က နှစ်ဖက်ပိတ်ထားပြီးနောက် အသံဗုံးပစ်ပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဆီးခုံတွင် သေနတ်ဒဏ်ရာရသွားသူ (၁) ဦးနှင့် လက်မောင်းတွင် သေနတ်ဒဏ်ရာရသွားသူ (၁) ဦးတို့ရှိကြောင်း သိရသည်။

အကြမ်းဖက်ဖမ်းဆီးခံရသူများတွင် မိန်းကလေးအများအပြားလည်း ပါဝင်ပြီး ဖမ်းမိသူများကို ပန်းခြံတွင်း ဒူးထောက်ထိုင်စေကာ မျက်နှာကို ကန်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများပြုလုပ်ကာ ခေါ်ဆောင်သွားသည်ဟု ပတ်ဝန်းကျင်မှ မျက်မြင်တွေ့သူများထံမှ သိရသည်။

သေနတ်ဒဏ်ရာရထားသူများအနက် ဆီးခုံတွင် ဒဏ်ရာရထားသူများ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

Tachileik News Agency