ဧရာဝတီမြစ်ရေ လမ်းကြောင်းပြောင်း၍ မြစ်ရေတင်မရတော့သဖြင့် မြို့တွင်း ရေပေးဝေရေးအတွက် မကွေးစည်ပင်က စက်ရေတွင်း တူးဖေါ်

ဧရာဝတီမြစ်ရေ လမ်းကြောင်းပြောင်း၍ မြစ်ရေတင်မရတော့သဖြင့် မြို့တွင်း ရေပေးဝေရေးအတွက် မကွေးစည်ပင်က စက်ရေတွင်း တူးဖေါ်
ဇန်နဝါရီ 15, 2021

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ဧရာဝတီမြစ်ရေလမ်းကြောင်း ပြောင်းလဲသွား၍ မြစ်ရေတင်စီမံကိန်းမှ  ရေပေးဝေရန် အခက်အခဲဖြစ်နေသည့် ရပ်ကွက်များအတွက် စည်ပင်သာယာရေးဌာနက စက်ရေတွင်း တူးဖေါ်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလအတွင်း လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။

ဒီနှစ်မှာ မြစ်ရေတင်စီမံကိန်းကို အမှီပြုနေရတဲ့ မြို့ပေါ်ရပ်ကွက်အသီးသီးက ရေတိုင် (၆၀၀) လောက်ကို နွေရာသီမှာ အခက်အခဲမရှိ ရေပေးဝေနိုင်ဖို့အတွက် ဒီနေ့မှာပဲ ရေဂါလံ (၁၀,၀၀၀) ကျော်ထွက်ရှိမယ့် အနက်ပေ (၃၈၀)၊ အကျယ် (၈) လက်မရှိတဲ့ စက်ရေတွင်း တူးဖော်အောင်မြင်သွားပါပြီ

ဟု မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးဖိုးနီက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၁၅) ရက်နေ့တွင် ပြောသည်။

ဧရာဝတီမြစ်ရေလမ်းကြောင်းမှာ လွန်ခဲ့သည့် (၃) နှစ်ကတည်းက  မကွေးမြို့ဘက်ခြမ်း၌ ရေလမ်းကြောင်းစတင် ပိတ်ဆို့လာခဲ့ပြီး မင်းဘူးဘက်ခြမ်း ရေလမ်းကြောင်းပြောင်းသွားခဲ့ခြင်းဖြစ်သည်။

ဧရာဝတီမြစ်သည် လွန်ခဲ့သည့် နှစ်ပေါင်း(၄၅)သန်းခန့်က ဖြစ်တည်ခဲ့ခြင်းဖြစ်ပြီး လေ့လာတွေ့ရှိချက်များအရ  လက်ရှိမြစ်၏အနောက်ဘက်ခြမ်းရှိဒေသများတွင် ရေလမ်းကြောင်းပေါက်ခဲ့သည့် အထောက် အထားများတွေ့ရှိရကာ ယခုအခါတွင် အဆိုပါလမ်းကြောင်းသို့ တစ်ကျော့ပြန် ပြောင်းလဲသည့် လက္ခဏာ ဖြစ်ပေါ်နေပြီး ၁၉၈၆ ခုနှစ်က နယ်သာလန်အဖွဲ့မှ ဆွဲပေးထားသည့် မာစတာပလန်၌လည်း ဧရာဝတီရေလမ်းကြောင်းအား မင်းဘူးဘက်သို့ ပေးထားခဲ့ကြောင်း မကွေးတိုင်း မြစ်ချောင်းဖြိုး ဌာန မှတ်တမ်းများအရ သိရသည်။

Tachileik News Agency

သတင်း/ဓာတ်ပုံ-ဖီးနစ်

ဖီးနစ်သည် Tachileik News Agency ၏ မကွေးတိုင်းဒေသကြီးအတွင်းအခြေစိုက်သည့် အကြီးတန်းသတင်းထောက်...