တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာသည် တာချီလိတ်မြို့တွင်းမှလွဲ၍ အခြားဒေသများသို့ ခရီးသွားရာဇဝင်မရှိ

တာချီလိတ်မြို့မှ Covid-19 အတည်ပြုလူနာသည် တာချီလိတ်မြို့တွင်းမှလွဲ၍ အခြားဒေသများသို့ ခရီးသွားရာဇဝင်မရှိ
ဇန်နဝါရီ 4, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင်၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့၌ တွေ့ရသည့် COVID 19 အတည်ပြုလူနာသည် ကျိုင်းတုံမြို့ အပါအဝင် အခြားဒေသများသို့ သွားလာခဲ့ခြင်းမရှိဘဲ  ခေါက်ဆွဲဆိုင်တစ်ဆိုင်ကိုသာ သွားလာခဲ့ကြောင်း သိရသည်။

အဆိုပါ အသက် (၃၀)အရွယ် အမျိုးသမီးသည် ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)မှဖြစ်ပြီး ရန်ကုန်မြို့သို့ သွားရောက်ရန် fever clinic တွင် COVID 19 လာရောက်စစ်ဆေးရာမှ ပိုးကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာအား COVID 19 ကုသဆောင်သို့ ပို့ထားပြီး ခရီးသွားရာဇဝင်ကို မေးမြန်းနေရာ လတ်တလောတွင် တာချီလိတ်မှလွဲ၍ အခြားဒေသများသို့ သွားရောက်ခဲ့ခြင်း မရှိကြောင်းနှင့် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း ခေါက်ဆွဲဆိုင်သို့သာ သွားရောက်မှုရှိကြောင်း နှင့် ကျိုင်းတုံမြို့တွင်း နှင့် လွိုင်မွေသို့ ယခုကာလအတွင်း၌ သွားရောက်ထားခြင်းမရှိသေးသည်ကို ဖြေကြားထားကြောင်း သိရသည်။

အတည်ပြုလူနာအမျိုးသမီး၏ မိသားစုဝင် (၄) ဦးကို စစ်ဆေးရာတွင်လည်း ပိုးမတွေ့ရကြောင်း ဓာတ်ခွဲအဖြေရထားသဖြင့် နေအိမ်၌ အသွားအလာကန့်သတ်ထားကာ ဒုတိယအကြိမ် PCR နည်းဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

၎င်းသွားရောက်ခဲ့သည့် ခေါက်ဆွဲဆိုင်မှာ လက်ရှိတွင် ပိတ်ထားသဖြင့် အဆိုပါဆိုင်ပိုင်ရှင်အား ကျန်းမာရေးဌာနက စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း COVID 19 ဒုတိယလှိုင်း၌ ဒေသတွင်းကူးစက်မှုဖြစ်ပွားခဲ့ကာ ၂၀၂၀ ခုနှစ် နှစ်ကုန်သည် အထိ အတည်ပြုလူနာ စုစုပေါင်း (၁၀၆)ဦးရှိခဲ့သည့်အနက် ၂၀၂၀ ခုနှစ်အတွင်းမှာပင် အတည်ပြုလူနာအားလုံး ဆေးရုံဆင်းသွားနိုင်ခဲ့ခြင်းဖြစ်သည်။

COVID 19 ကုသဆောင်၌ ၂၀၂၁ ခုနှစ်၌ ထပ်မံတွေ့ရသည့် အတည်ပြုလူနာ (၁)ဦးကို ထားရှိကုသပေးသွားမည်ဖြစ်သည်။

Tachileik News Agency

သတင်း - ချယ်ရီထိုက်

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။