ကား

ကား
ဒီဇင်ဘာ 20, 2015
By Tachileik News Agency

ကိုမင်း(မြစ်မခ)
တာချီလိတ်၊ ဒီဇင်ဘာ(၂၀)

တာချီလိတ် - တောင်ကြီး ခရီးသည်တင်ကားများ မြို့ဝင်ကြေးနှင့် တရားမ၀င်ဂိတ်ကြေးပေးဆောင်မှု များပြားခြင်းကြောင့် မော်တော်ယာဉ်စီးနင်းခများ ဈေးနှုန်းမကျခြင်းဖြစ်ကြောင်း မော်တော်ယာဉ်မောင်းနှင်သူများထံမှသိရသည်။

"ကျွန်တော်တို့ တရားမ၀င်ပစ္စည်းသယ်တာလည်း မဟုတ်ဘူး၊ လူကုန်ကူးတာလည်း မဟုတ်ဘူး ဌာနဆိုင်ရာဂိတ်တွေကို တစ်ဂိတ် ကျပ်(၃၀၀၀)နှုန်းနဲ့ပေးရတာဗျ၊ မပေးရင်လည်း ကားကိုပေးမထွက်ဘဲ ရစ်နေတော့ ပေးရတာပေါ့ဗျာ" ဟု တောင်ကြီး-တာချီလိတ် ခရီးသည်တင် ယာဉ်မောင်းကိုခွန်ဇော်မှပြောသည်။

လမ်းတစ်လျှောက်တွင် ဂိတ်ကြေးပေးဆောင်ရမှုမှာ သံလွင်မြစ်ကူးတံတားရှိ ကွန်ဟိန်းမြို့နယ်အပိုင် ဂိတ်များတွင် ပေးဆောင်ရမှု ပိုမိုများပြားကြောင်း၊ တစ်ဂိတ်လျှင် ကျပ်(၃)ထောင်နှုန်းဖြင့် (၇)ဂိတ်ခန့်ရှိကြောင်း ၎င်းဂိတ်တွင် လူကုန်ကူးတားဆီးနှိုမ်နင်းရေး၊ လ၀က၊ အကောက်ခွန်၊ ကဲ့သို့ ဌာနဆိုင်ရာဂိတ်များဖြစ်ကြောင်း ၎င်းထံမှသိရသည်။

"လမ်းမှာခေါင်းစဉ်မဲ့ တောင်းတဲ့သူတွေများနေလို့ ကားခတွေလဲ ဈေးမကျဘူး ဒါတွေမရှိတော့ရင် ကားစီးတဲ့ ခရီးသည်တွေအတွက်လဲ ကားခတွေဈေးကျသွားမယ်၊ ခရီးသွားလုပ်ငန်းလဲ ကောင်းမွန်လာမယ်ဗျ အခုတော့ ကားခပိုတောင်းရတာ သူတို့အတွက်ဖြစ်နေတော့ ပြည်သူတွေနစ်နာတယ်ဗျ"ဟု ဒို့ညီနောင် ယာဉ်လိုင်းမှ ကားသမားတစ်ဦးမှပြောသည်။

တောင်ကြီး-တာချီလိတ်လမ်းတွင် တစ်မြို့တွင် မြို့ဝင်ကြေး ကျပ်(၂၀၀၀)မှ (၃၀၀၀)ကျပ်အထိပေးရကြောင်း ခရီးတစ်ခေါက်လျှင် ဂိတ်ကြေးငွေကျပ်(၆)သောင်းကျော်ကျသင့်ကြောင်း၊ ဂိတ်များတွင် ဌာနဆိုင်ရာ ဂိတ်များတွင် ပေးချေမှုမှာ မည်သည့်အတွက်ကြောင့် ပေးချေရသည်ကိုမသိရကြောင်း ခရီးသည်တင် ယာဉ်မောင်းနှင်သူများထံမှသိရသည်။

"ဂိတ်တွေကိုတော့ပေးရတာတော့ရှိတယ် အဓိကတော့ တရားမ၀င်ကုန်ပစ္စည်းတွေပါလို့ပေးရတာများပါတယ်၊ လူဆိုလဲ အသက်မပြည့်တာတို့အတွက်ပေးရတာ၊ ဒီလမ်းကြောင်းမှာမပေးရင် ကားသမားတွေလဲ အဆင်မပြေကြဘူး၊ ဒါမျိုး ပေးနေတာ နှစ်ပေါင်းကြာပြီဆိုတော့ ထုံးစံလိုဖြစ်နေပါပြီ"ဟု ယာဉ်လိုင်းတာဝန်ခံတစ်ဦးမှပြောသည်။

တောင်ကြီး-တာချီလိတ် လမ်းကြောင်းတွင်  တာချီလိတ်၊ ကျိုင်းတုံ၊ သံလွင်မြစ်ကူးတံတားတို့တွင် ဌာနဆိုင်ရာ စုပေါင်းဂိတ်များရှိပြီး တရားမ၀င်ကုန်စည်စီးဆင်းမှုနှင့် လူကုန်ကူးတားဆီးနှိမ်နင်းရေးအတွက် စိစစ်ရေးဂိတ်များဖွင့်ထားကြောင်းသိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net