(တင်ရန်) မန္တလေးမှ ပုဂံသို့ သင်္ဘောစီး ခရီးသွား နှစ်ဆခန့်မြင့်တက်လာ

(တင်ရန်) မန္တလေးမှ ပုဂံသို့ သင်္ဘောစီး ခရီးသွား နှစ်ဆခန့်မြင့်တက်လာ
အောက်တိုဘာ 31, 2016
By Tachileik News Agency


ရွှေဇော် -Tachileik News Agency
မန္တလေး၊ အောက်တိုဘာလ (၂၉) ရက်

မန္တလေးမှ ပုဂံသို့ သင်္ဘောဖြင့်သွားသည့် နိုင်ငံခြားခရီးသွား ယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက်လာကြောင်း ရေကြောင်း ခရီးသွားသင်္ဘောလုပ်ငန်းများထံမှ သိရသည်။
“၂၀၁၅ ခရီးသွားနှစ်ထက်တော့ ခရီးသွားတွေ တော်တော်များလာတယ်။ နှစ်ဆလောက်ရှိမယ်။ အများစုကတော့ တစ်ဦးတည်း(FIT)ခရီးသွားတွေများတယ်။ အဖွဲ့လိုက်လာတဲ့သူတွေလည်း ရှိပါတယ်။ သူတို့ကျတော့ ခရီးသွားကုမ္ပဏီတွေကနေပြီး တစ်ခါတည်းချိတ်ပြီး လာကြတာ။ မန္တလေးကနေ ပုဂံကိုသွားတဲ့ခရီးစဉ်နဲ့ မန္တလေး၊ မင်းကွန်းသွားခရီးစဉ်တွေကို နိုင်ငံခြားသား ဧည့်သည်တွေက ရေကြောင်းနဲ့ သွားကြတာများတယ်။ သင်္ဘောနဲ့သွားတာက ပိုက်ဆံပိုကုန်မှန်းလည်းသိပေမယ့် ရှုခင်းကြည့်ချင်လို့ကို ရေကြောင်းက သွားနေကြတာ”ဟု MGRG ရေကြောင်းပို့ဆောင်ရေးမှ ကိုထူးထက်နိုင်က ဆိုသည်။
မန္တလေးမှ ပုဂံ အသွားခရီးစဉ်အတွက် နိုင်ငံခြားခရီးသွားတစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၄၀) ဒေါ်လာနှင့် အပြန်ခရီးစဉ်အတွက် အမေရိကန်ဒေါ်လာ (၃၅) ဒေါ်လာ၊ ပြည်တွင်းခရီးသွားများအတွက် မြန်မာငွေ ကျပ် (၁၅၀၀၀) သတ်မှတ်ထားကြောင်း သိရသည်။
“ ရေကြောင်း ခရီးသွားလုပ်ငန်းအနေနဲ့ တိုးတက်တာကတော့ ခရီးသွားတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာတာပဲ။ ၂၀၁၂ ခရီးသွားရာသီအစတုန်းကတော့ ခရီးသွားသိပ်မများသေးပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ များလာတယ်။ နိုင်ငံခြားခရီးသွားလုပ်ငန်းက နိုင်ငံရေးနဲ့လည်း သက်ဆိုင်တယ်။ သူတို့အတွက် လုံခြုံတယ် ဆိုရင်တော့ လက်ရှိထက်ကိုအဆပေါင်းများစွာ လာကြမှာပဲ။ မြန်မာနိုင်ငံကလည်း နိုင်ငံခြားခရီးသွားအလာများ တဲ့ နိုင်ငံတွေထဲမှာပါတယ်။”ဟု ရွှေကိန္နရီ ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ခံ ကိုဘရန်အောင်က ဆိုသည်။
နိုင်ငံခြားခရီးသွားဧည့်သည်များသည် မြစ်ကြောင်းမှတစ်ဆင့် စစ်ကိုင်းနှင့် ရန္ဘပိုစာချုပ်ချုပ်ဆိုသော ရန္ဘပိုရွာမှ ရိုးရာအိုးလုပ်ငန်းကို သွားရောက်လေ့လာလေ့ရှိပြီး ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်၊ ကိုရီးယား၊ ဂျာမန်နှင့်အခြား နိုင်ငံမှ ခရီးသွားများလာရောက်လေ့လာကြသော်လည်း ယိုးဒယားလူမျိုးများမှာ အများဆုံးဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့သို့  နိုင်ငံခြားသားခရီးသွားဝင်ရောက်မှုမှာ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလအတွင်း
(၂၄၀၀၀၀) ကျော်၊ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ နိုဝင်ဘာလအတွင်း (၂၆၀၀၀၀) ကျော်ရှိကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~