ရွှေဇော်
-Tachileik News Agency
မန္တလေး၊ အောက်တိုဘာလ (၂၆) ရက်
မြန်မာ့ကျောက်စိမ်းများ ဈေးနှိမ်ဝယ်ယူခံနေရသဖြင့် ကျောက်စိမ်းတူးဖော်ခြင်းအား ယာယီရပ်တန့်ပေးရန်နှင့် ပြည်ပသို့တရားမ၀င် တင်ပို့နေသည်များကို တားဆီးပေးရန်လိုအပ်နေကြောင်း မန္တ္တလေးမြို့မှ ကျောက်စိမ်း လုပ်ငန်းရှင်များက ဆိုသည်။
ကျောက်စိမ်းဈေးကွက် ပျက်ရခြင်းအကြောင်းရင်းတစ်ချက်မှာ ကုမ္ပဏီကြီးများမှ စက်ယန္တရားကြီးများဖြင့် အလွန်အကျွံတူးဖော်နေခြင်းကြောင့် ကျောက်အထွက်များပြီး ဈေးကွက်ပျက်လာသည်ဟု မန္တလေးမဟာအောင်မြေ ကျောက်ဝိုင်းမှ ကျောက်ကုန်သည်များက ဆိုသည်။
“ကျောက်စိမ်းဈေးကွက်ဟာ ဘယ်လောက်ထိပျက်သွားသလဲဆိုရင် ကျွန်တော်မနှစ်က (၄၄) သိန်းနဲ့ ၀ယ်ထားတဲ့ ကျောက်တစ်ပွင့် ဒီနှစ်ငါးသိန်းပဲဈေးပေးတော့တယ်။ အဲဒါကြောင့် ကျောက်သမားတွေမှာ တိုက်ပေါင်၊ မြေပေါင် ရှိတဲ့ပစ္စည်းတွေရောင်းချ အကြွေးပတ်လည်ဝိုင်းပြီး အရမ်းကိုအခက်အခဲဖြစ်နေပါတယ်။” ဟုပွင့်ကောင်း ကျောက်မျက်ရောင်းဝယ်ရေးမှ ဦးသန်းဝင်းက ပြောသည်။
ကုမ္ပဏီကြီးများမှ ကျောက်စိမ်းပြပွဲတွင်ရောင်းချရန် လော့စာရင်းပေးထားသည်မှာ လော့(၆၀၀၀၀) ကျော်ရှိနေပြီး ကျောက်စိမ်းပြပွဲတစ်ပွဲတွင် အမှန်တကယ်ရောင်းရသည်မှာ လော့(၆၀၀၀)ကျော်သာရှိနေကြောင်း သိရသည်။
“၂၀၁၂ ခုနှစ်တုန်းက နယ်မြေမငြိမ်းချမ်းလို့ ကျောက်စိမ်းတူးဖော်ခွင့် တစ်နှစ်ပိတ်သိမ်းခဲ့ဖူးပါတယ်။ အဲဒီလိုမျိုး တူးဖော်ခွင့်ပိတ်လိုက်လို့ ဈေးကွက်က သုံးဆလောက်တက်သွားခဲ့တယ်။ အခုလည်း အဲဒီလိုမျိုးလုပ်လိုက်ရင် ဈေးကွက်ပြန်ကောင်းလာနိုင်ပါတယ်။ ကျောက်စိမ်းတူးတာရပ်လိုက်ရင်လည်း လက်ရှိတူးဖော်ထားတဲ့ ကျောက်တွေကငါးနှစ်ရောင်းလို့မကုန်နိုင်အောင်တူးထားတာရှိပါတယ်။”ဟု ဦးသန်းဝင်းက ဆက်လက်
ပြောသည်။
ကျောက်စိမ်းဈေးကွက်ပျက်စီးနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်းလုပ်ငန်းအား အဓိကအားထား လုပ်ကိုင်စားသောက်နေကြသော ဖားကန့်ဒေသ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ သိန်းနှင့်ချီသည့်ကျောက်စိမ်း အရောင်းအ၀ယ်လုပ်ကိုင်နေသူများ အခက်တွေ့နေကြောင်း သိရသည်။
“ကျောက်စိမ်းအတွက် အခွန်ဆောင်တဲ့အခါ စိစစ်ပေးဖို့လိုတယ်။ အခုက အခွန်ကို လက်တစ်လုံးခြားလုပ်ပြီး အပြည့်ဆောင်တာတွေ ရှိတယ်။ ကျောက်စိမ်းကိုတရုတ်ကို အောက်လမ်းကနေ တရားမ၀င်ထွက်နေတာတွေကို ကြီးကြပ်ပြီးလုပ်ရင် ကျောက်စိမ်း ဈေးကွက်ပြန်လည်ကောင်းလာနိုင်မယ်။” ဟု ဒိုင်းမွန်းစတား ကျောက်မျက်ရောင်းဝယ်ရေးမှ ဦးအောင်ဝင်းဦးက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့၊ စစ်ကိုင်းနှင့် ဖားကန့်ဒေသမှ ကျောက်စိမ်း လုပ်ငန်းလုပ်ကိုင်သူ နှစ်သောင်းက လက်မှတ်ထိုးဖြင့် သြဂုတ်လ ၁၆ရက်နေ့တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တင်ပြတောင်းဆို ထားကြောင်း သိရသည်။
ကျောက်စိမ်းတူးဖော်ခြင်းအား ယာယီရပ်တန့်ပေးရန် ခန္တီးမြို့နှင့် ဖားကန့်ဒေသများမှ ကျောက်လုပ်ငန်းရှင်များကလည်း ဆန္ဒပြတောင်းဆိုမှုများလည်းပြုလုပ်ခဲ့သည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ