နိုင်ငံတော်သမ္မတဦးထင်ကျော်မှ ကယားပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည့် ခရီးစဉ်အတွင်း ကယားပြည်နယ်၏ အဓိက ထုတ်ကုန်ပြောင်းဈေးကွက်ခိုင်မာရေးကိစ္စနှင့် ပတ်သက်၍ ဒေသခံတောင်သူများ၊ ကုန်သည်များ၊ တာဝန်ရှိသူများနှင့် ဆွေးနွေးကြောင်း သိရသည်။
လက်ရှိတွင် ပြောင်းဈေးကွက်ကျဆင်းသဖြင့် ကယားပြည်နယ်မှ ပြောင်းစိုက်တောင်သူများ အရှုံးပေါ်နေပြီး အခက်အခဲဖြစ်နေသဖြင့် ပြောင်းဈေးကွက်တည်ငြိမ်အောင်ဆောင်ရွက်ပေးရန် လွိုင်ကော်မြို့နယ် လင်းဖုံးလေးကျေးရွာနေ တောင်သူများက လွိုင်ကော်မြို့သို့ နိုဝင်ဘာလ (၃) ရက်နေ့က ရောက်ရှိလာသည့် နိုင်ငံတော်သမ္မတအား တွေ့ဆုံတင်ပြကြခြင်း ဖြစ်သည်။
“ကျွန်တော်တို့ ကယားပြည်နယ်မှာ နှစ်တိုင်းအစေ့ထုတ်ပြောင်းရောင်းရတာ တစ်ပိဿကို (၃၀၀) ကျော်လောက်ရပါတယ်။ ဒီနှစ်မှာတော့ ကုန်သည်တွေက ဆီဈေးတက်လို့ကားခဈေးတက်တယ်ဆိုပြီး ပြောင်းတစ်ပိဿကို (၂၅၀)လောက်နဲ့ပဲဝယ်ပါတယ်။ ကျွန်တော်တို့ ပြောင်းစိုက်တောင်ယာတွေက ပုံစံ (၇) (လယ်ယာမြေလုပ်ကိုင်ခွင့်ပြုလက်မှတ်) မရထားတော့ သမဝါယမက ငွေချေးယူလို့မရပါဘူး။ ဒီတော့ အပြင်ကနေ ငွေတိုးနဲ့ချေးငှားပြီး စိုက်ထားကြရတာ အခုတော့ ဈေးကျပြီးရှုံးလို့ နောက်နှစ်စိုက်ပျိုးဖို့တောင် အဆင်မပြေပါဘူး”ဟု လင်းဖုံးလေးကျေးရွာမှ ရာအိမ်မှူးက တောင်သူများကိုယ်စား တင်ပြသည်။
လက်ရှိတောင်သူများ ကြုံနေရသည့် အခက်အခဲအား ကုန်သည်များအနေဖြင့် အကျိုးစီးပွားဆက်စပ်နေသူများ ဖြစ်သဖြင့် လျစ်လျူမရှုသင့်ကြောင်း သမ္မတက တိုက်တွန်းပြောကြားလိုက်သည်။
“ လုပ်ငန်းရှင်များအနေနဲ့ ကိုယ့်အကျိုးအမြတ်တခုထဲမဟုတ်ဘဲ တောင်သူတွေဘက်ကိုလည်း ကြည့်သင့်ပါတယ်။ ဒါက လုပ်ငန်းရှင်တွေကို အခက်အခဲဖြစ်စေအောင် လုပ်တာမဟုတ်ပါဘူး။ ဥပမာ ဝယ်လက်က ဈေးနှိမ်လိုက်တာနဲ့ တောင်သူကိုဈေးနှိမ်ဝယ်တာမျိုး လုပ်တာထက် ဈေးကွက်ကို ဘယ်လိုထိန်းပြီးလုပ်ရင် ကုန်သည်ရော တောင်သူတွေရော အဆင်ပြေမလဲဆိုတာမျိုး စဉ်းစားသင့်ပါတယ်။ အစိုးရအနေနဲ့လည်း ဒီကိစ္စတွေနဲ့ပတ်သက်လို့ ကူးသန်းရောင်းဝယ်ရေးဌာနအနေနဲ့ ဆွေးနွေးထားတာတွေ ရှိပါတယ်။ အသေးစိတ်ဆွေးနွေးပြီး ကူညီလုပ်ဆောင်ပေးသွားပါမယ်”ဟု နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောသည်။
ကယားပြည်နယ်၏ စိုက်ပျိုးရေးထုတ်ကုန်၏ ၉၀ ရာခိုင်နှုန်းမှာ ပြောင်းစေ့ဖြစ်ပြီး စိုက်ဧကပေါင်း တစ်သိန်းခွဲကျော်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း၏ စာရင်းအရ သိရပြီး လက်ရှိအခြေအနေနှင့်ပတ်သက်၍ အသင်းအနေဖြင့် ကြားဝင်ဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သိရသည်။
“ပြောင်းဈေးကွက်တည်ငြိမ်ဖို့ အသင်းအနေနဲ့ အကြံပေးချင်တာကတော့ အရောင်းအဝယ်ကို ဝယ်လက်နဲ့ တောင်သူတွေအကြား စာချုပ်စာတမ်းတွေနဲ့ လုပ်ထားသင့်ပါတယ်။ ဒီအတွက်လည်း အသင်းအနေနဲ့ ကူညီပေးသွားဖို့ရှိပါတယ်။ ကျွန်တော်တို့ အသင်းကို လာချိတ်တဲ့ဝယ်လက်တွေနဲ့ mou ထိုးမယ်။ ဒီလို အရောင်းအဝယ် စာချုပ်တွေ ခိုင်ခိုင်မာမာဖြစ်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေက ပံ့ပိုးကူညီမှုရဖို့ကိုလည်း အစိုးရဘက်ကလည်း လိုအပ်တဲ့ထောက်ပံ့မှုလုပ်ဆောင်ပေးမယ်လို့ သမ္မတက ပြောပါတယ်”ဟု မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်း အတွင်းရေးမှုး ဦးမြင့်မောင်က ပြောသည်။
နိုင်ငံတော်သမ္မတသည် နိုဝင်ဘာလ (၃) ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့သို့ရောက်ရှိပြီး နှစ်ရက်တာ ခရီးစဉ်အတွင်း ပြည်နယ်/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ လွိုင်ကော်မြို့နယ်၊ လင်ဖုံးလေးကျေးရွာအုပ်စုရှိ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်အဖွဲ့များဖြင့် တွေ့ဆုံမည်ဖြစ်ပြီး လောပိတရေအား လျှပ်စစ်စက်ရုံများ၊ ဒေသတွင်း ရိုးရာလုပ်ငန်းများအခြေအနေများအပြင် မကြာခင်က ဖွင့်လှစ်လိုက်သည့် မယ်စဲ့ကုန်သွယ်ရေးစခန်းအားလည်း ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ