ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ဆောက်လုပ်ရေး လုပ်ငန်းများ ပိုမိုကောင်းမွန်လာသဖြင့် နေ့စားအလုပ်သမားများ နေ့စားခများ ယခင်နှစ်ထက် ပိုမိုရရှိလာကြကြောင်း သိရသည်။
“အရင်နှစ်ကထက်စာရင် ဒီနှစ် နေ့စားခတွေ နည်းနည်းပိုရလာတယ်။ မနှစ်က ပန်းရံနောက်လိုက် တစ်ယောက်မှ ဘတ်(၁၇၀) (ကျပ် ၅၀၀၀) ပတ်ဝန်းကျင်ရတာ အခု(၂၀၀)ဘတ် ( ကျပ် ၇၀၀၀) လောက်ရတယ်။ ဒီလိုပဲ ပန်းရံဆရာဆိုလည်း အနည်းဆုံး(၃၀၀)ဘတ် (၁၀၀၀၀ ကျပ်) ကနေ (၅၀၀)ဘတ် (ကျပ် ၁၇၀၀၀) ကျော်အထိ နေ့စားခရတယ်”ဟု တာချီလိတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ အလုပ်သမားကြပ် ကိုမိုးလွင်က ပြောသည်။
၂၀၁၆ ခုနှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းမှာ ပိုမိုကောင်းမွန်လာပြီး အလုပ်သမား လိုအပ်ချက်အရ ပြည်တွင်း မန္တလေး၊ မိတ္ထီလာ၊ မကွေး၊ ကျောက်ပန်းတောင်း၊ နတ်မောက်မြို့များမှ အလုပ်သမားနှင့် နိုင်ငံအနှံ့အပြားမှ အလုပ်သမားများ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ လာရောက်အလုပ်လုပ်ကိုင်လျှက် ရှိကြောင်းသိရသည်။
“အခု ရှမ်းအရှေ့ကို လာအလုပ်လုပ်တဲ့ လူတွေမှာ အရင်က ဆောက်လုပ်ရေးလုပ်ငန်းပဲ လာလုပ်ကြတာများတယ်။ အခုတော့ လမ်းဖောက်လုပ်ရေး လုပ်ငန်းတွေမှာလည်း အလုပ်သမားတွေ လာလုပ်ကြတာရှိတယ်”ဟု မကွေးမှ နေ့စား အလုပ်လာရောက်လုပ်ကိုင်သူ ကိုကျော်မင်းက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းအပြင်၊ လမ်းတည်ဆောက်ရေး လုပ်ငန်းခွင်များတွင်လည်း အလုပ်သမား လိုအပ်ချက်များ ရှိနေသဖြင့် လုပ်ငန်းရှင်များမှ ပြည်တွင်းမှ အလုပ်သမားများအား အုပ်စုလိုက် စာချုပ်ဖြင့် ငှားရမ်းမှုများလည်းရှိကြောင်း သိရသည်။