ကလေးငယ်တစ်ယောက်ရဲ့ မ၀ံ့မရဲ ငိုညည်းသံ သဲ့သဲ့လေးနောက်မှာ လိုက်ပါလာတဲ့ အသံက ကမ္ဘာပြိုတဲ့ အသံလား ၀ုန်း၊ ဒိုင်း၊ တဒက်ဒက်နဲ့ အိမ်ခြေ (၅၀)လောက်ရှိတဲ့ ရွာထဲမှာ ငရဲခန်းလား လျှပ်တပျက် ယမ်းငွေ့တွေဝေနေပြီ၊ မီးလောင်နေတဲ့ အိမ်ပျက်တွေ တွေ့ရာလူ လက်ဆွဲပြီး ပြေးနေကြရပြီ........
၂၀၁၅ ခုနှစ် အောက်တိုဘာ (၁၅)ရက်နေ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ လက်မှတ်ထိုးကြတဲ့နေ့မှာပါ။ လက်နက်ကိုင်တွေ ဘောပင်ကိုင်ပြီး လက်မှတ်ထိုးနေပေမယ့် တိုင်းရင်းသားဒေသတွေမှာတော့ သေနတ်သံတွေ မငြိမ်းသေးပါဘူး။
ကျွန်တော်တို့ နိုင်ငံဟာ စစ်ဒဏ်သင့်ခဲ့တာ ဒုတိယကမ္ဘာစစ်ကတည်းကစပြီး လွတ်လပ်ရေးရခဲ့တဲ့ နောက်ပိုင်း နှစ်ပေါင်းမြောက်များစွာ စွဲကိုင်ထားတဲ့ ယုံကြည်ချက်တွေအတွက် အသက်တွေများစွာ စတေးခဲ့ရပြီ။
မျိုးဆက်တိုင်း စစ်ဒဏ် မသင့်ခဲ့တဲ့မျိုးဆက် တိုက်ပွဲသံ မကြားခဲ့တဲ့ မျိုးဆက် မရှိခဲ့ပါဘူး။ တိုက်ပွဲတွေကို ဘယ်လို အမည်နာမတွေ ပေးပေး တကယ်နစ်နာတာ ပြည်သူတွေပါဘဲ၊ တိုက်ပွဲရဲ့ရလာဒ်ကြောင့် ကျွန်တော်တို့ နိုင်ငံတိုးတက်မှုတွေ မရှိခဲ့လို့ သူများနိုင်ငံကို အစုလိုက် အပြုံလိုက် ထွက်သွားကြတာ ထမင်းတစ်နပ်စားဖို့ သူများခိုင်းဖတ် ကျွန်သွားလုပ်ဖို့ပါ။
အယူတွေ ၀ါဒတွေ ဒီအချိန်မှာ ခဏထားကြပါဦး နောက်တတ်လာမယ့် မျိုးဆက်တွေကို ကျွန်တော်တို့ ဒီအမွေဆိုးကြီး ဆက်မပေးချင်လို့ပါဗျာ။
နေ့လည်က သတင်းတစ်ပုဒ်တွေ့လို့ ဆက်သွယ်ပြီးရေးလိုက်တယ်၊ သံဃာတော်တွေ ကောက်ရိတ်နေတဲ့ ပုံတွေ၊ ညနေကြတော့ ထပ်တွေ့တယ်၊ ကလေးမလေး တစ်ယောက် စာရွက်ကိုင်ထားတာ။ အဲ့ဒီစာရွက်ကို ဘာထင်နေကြလဲ၊ အဲ့ဒါ စစ်ဘေးသင့် ဒုက္ခသည်စာရင်းဗျ ဘယ်လောက် ရင်နာဖို့ကောင်းလဲ။
လက်နက်ကိုင်တွေကို အမိန့်ပေးနေတဲ့ ခင်ဗျားတို့ သားသမီးတွေ ကျောင်းကောင်းကောင်းမှာ စာသင်ပြီး၊ နိုင်ငံခြားဖြစ် အ၀တ်တွေဝတ်၊ အကောင်းဆုံးအစားတွေ စားနေချိန်မှာ ဒီကလေးတွေ ကောက်ညှင်း လက်တစ်စုတ်စာကို ငရုတ်သီးထောင်းနဲ့ စားနေတာ။
ကလေးဆိုတာ အပူအပင်ကင်းတယ်တဲ့ တစ်ခုလောက်မေးမယ် အခု ရပ်တည်ခဲ့တဲ့ ကာလတစ်လျှောက်လုံး အပူအပင် ကင်းခဲ့ကြရဲ့လား၊
ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ဖို့ လူထုလက်မှတ်တွေ လိုက်ကောက်နေတာ လူငယ်တွေပါ၊ သူတို့ ဘာကြောင့် အပင်ပန်းခံနေလဲ သိလား၊ ညီတွေညီမတွေကို မကြည့်ရက်လို့ ခင်ဗျာတို့ တူတွေ၊ သားတွေကို မစာနာတတ်ပေမယ့် ကျွန်တော်တို့ လူငယ်တွေ နှလုံးသားက စာနာတတ်ပါတယ်။
ကျွန်တော် လက်မှတ်လိုက်ကောက်ပေးရင်း အင်တာဗျူးလေးတွေ လုပ်ခဲ့တယ်၊ စစ်တမ်းလေးယူပြီး သတင်းလေးလုပ်မယ် ဆိုပြီးတော့ပါ။ ကျွန်တော် မထင်မှတ်ဘဲ တွေ့လိုက်ရတာ ကျောင်းအုပ်ဆရာကြီး တစ်ယောက်က သူ့ဆရာမတွေရှေ့၊ လူအများရှေ့ စစ်ပွဲအကြောင်းပြောရင် မျက်ရည်တွေ ကျလာတယ်ဆိုတာဘဲ နှလုံးသားရှိတဲ့သူတိုင်း စစ်ပွဲကို မုန်းကြပါတယ်ဗျာ၊
စစ်ပွဲတွေကို ခင်ဗျာတို့ အကျိုးစီးပွား၊ အတ္တတွေအတွက် ဆက်လက် ဖန်တီးနေမယ်ဆိုရင် အာဏာရှင်စနစ်ကို လူထုက လက်သန်းလေးတွေနဲ့ တွန်းလှန်ခဲ့သလို ကျွန်တော်တို့တွေ၊ ပြည်သူတွေက ခင်ဗျာတို့ကို ဘေးဖယ်ချိန်ရောက်လာလိမ့်မယ်။ အဲ့ဒါမမေ့ကြပါနဲ့ဗျာ။ တိုက်နေတဲ့သူတွေက တစ်မြေတည်းမွေး၊ တစ်ရေတည်းသောက်နေတဲ့ တစ်နိုင်ငံတည်းက ကောင်းတူဆိုးဖက် ညီနောင်တွေပါ။ မကောင်းတဲ့ စနစ်တစ်ခုကြောင့် အားလုံးအကျိုးမဲ့ခဲ့ပြီ ဆက်ပြီး ကျိုးမဲ့အောင် ဆက်မလုပ်ကြပါနဲ့ ကလေးတွေကို သနားပါ။ အနာဂါတ်ကို ဖွင့်ပေးပါ။ ကျေးဇူးတင်ပါလိမ့်မယ်ဗျာ