(တင်ရန်) ရှမ်းပြည်နယ်သို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် လေးသောင်း ကျော်မြင့်တက်

(တင်ရန်) ရှမ်းပြည်နယ်သို့ နိုင်ငံခြားခရီးသွားဝင်ရောက်မှု ယခင်နှစ်ထက် လေးသောင်း ကျော်မြင့်တက်
အောက်တိုဘာ 26, 2016
By Tachileik News Agency

နိုနို - Tachileik News Agency
တောင်ကြီး၊ အောက်တိုဘာလ (၂၃) ရက်
ရှမ်းပြည်နယ်အတွင်းသို့ ယခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအတွင်း နိုင်ငံခြားခရီးသွားဝင်ရောက်မှု နှုန်း မှာ ယခင်နှစ် နှုန်းထက် လေးသောင်းကျော်မြင့်တက်လာကြောင်း တောင်ကြီးမြို့ ဟိုတယ်နှင့်ခရီးသွား ညွှန် ကြားမှုဦးစီးဌာနမှသိရသည်။
ပြည်နယ်အတွင်းသို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ ပြည်ပခရီးသွား ဝင်ရောက်သည့် အရေအတွက်မှာ (၁၀၇၄၆၆) ရှိခဲ့ပြီး ယခုနှစ်ကာလတူအတွင်း (၁၅၀၂၁၃)အထိ တိုးလာခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနစာရင်းများအရ သိရသည်။
“ ပြည်ပခရီးသွား ဝင်ရောက်မှုအခြေအနေက မြန်မာနိုင်ငံအတွင်းက နိုင်ငံခြားခရီးသွားလည်ပတ်စရာတွေရှိတဲ့ ဘယ်နေရာမဆို တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာတယ်။ မြန်မာနိုင်ငံအတွင်းမှာက လေ့လာလည်ပတ်လို့ ရတဲ့နေရာတွေများတော့ သူတို့လည်းသဘောကျကြတယ်လေ” ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာန အရာရှိတစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်သို့ လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားများအများစုသည် နိုင်ငံခြားခရီးသွား လည်ပတ်စရာများသည့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ လာရောက်မှုများကြောင်း သိရသည်။

“တောင်ပိုင်းလာတဲ့ ပြည်ပခရီးသွားတွေအများစုက ညောင်ရွှေမှာ တည်းကြတာများတယ်။ အဲဒီမှာက အင်းထဲ လည်း အလွယ်တကူသွားလို့ရသလို ပင်းတယ၊ကလောကိုလည်း သွားရတာပိုလွယ်တယ်။ တောင်ကြီးမှာ တည်းတော့ တည်းကြတယ်။ ဒါပေမယ့်နည်းတယ်” ဟု ဒေသအတွင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)  အင်းလေး၊ ပင်းတယ၊ ကလော မြို့နယ်အတွင်းရှိ ပလောင်ရွာ ဗျူးပွိုင့်၊ အောင် ပန်းမြို့နယ်အတွင်းရှိ ရွာငံ၊ ဟိုပုံးမြို့ နယ်အတွင်းရှိ ဟိုပုံးဆည်၊ ကိုရင်လေးကျောင်းနှင့် ထမ်ဆမ်းဂူများသို့ အများဆုံးသွားရောက် လည်ပတ်လေ့ရှိပြီး တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှာလည်း လာရောက်လည်ပတ်သူများကြောင်း သိရသည်။
ပြည်နယ်အတွင်းသို့ နိုင်ငံအလိုက် ပြည်ပခရီးသွား ၀င်ရောက်မှုတွင် ပြင်သစ်နိုင်ငံအများဆုံးဖြစ်ပြီး ဒုတိယ အမေရိကန်နှင့် တတိယ ဗြိတိန်တို့ဖြစ်ကြောင်း တောင်ကြီးမြို့ ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှ သိရသည်။
ရှမ်းပြည်နယ်သို့ လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားများသည် ခရီးသွားအေဂျင်စီများနှင့် ချိတ် ဆက်လာရောက်မှုများအပြင် ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ဂိတ်မှတစ်ဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှလည်း ၀င်ရောက်လေ့ရှိကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~