ထိုင်းနိုင်ငံ ရွှေ့ပြောင်းမြန်မာများနှင့် ပါတ်သက်၍ အချက်(၅)ချက်ပါဝင်သော အရေးပေါ်ထုတ်ပြန်ချက်တစ်ရပ်ကို ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးရုံး၊ ရွှေ့ပြောင်းအလုပ်သမားရေးရာဌာနမှ ဒီဇင်ဘာ(၁၆)ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်းသိရသည်။
ထုတ်ပြန်ကြေငြာချက်အရ မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေနှင့် ဗီဇာသက်တမ်းကုန်ဆုံး၍ အလုပ်ရှင်မှ ဆက်လက်ငှါးရမ်းလိုပါက နှစ်နိုင်ငံ အစိုးရနားလည်မှုစာချွန်လွှာ(MOU)စနစ်သို့ ပြောင်းလဲငှါးရမ်းရမည်ဖြစ်ကြောင်းသိရသည်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေငြာချက်တွင် လုပ်ငန်းရှင်မဟုတ်ပါက ရွှေ့ပြောင်းအလုပ်သမား ခေါ်ယူငှါးရမ်းခြင်းမပြုနိုင်ကြောင်း၊ နေအိမ်တွင် စေခိုင်းရန် အိမ်ဖေါ်အလုပ်သမား ခေါ်ယူခွင့်မပြုကြောင်း မြန်မာအမျိုးသမီးအလုပ်သမားအား ခေါ်ယူလိုပါက အနည်းဆုံး(၄)ဦးထက်မနည်းခေါ်ယူရမည်ဖြစ်ကြောင်းသိရသည်။
၎င်းအပြင် လုပ်ငန်းရှင်မှ ရွှေ့ပြောင်းအလုပ်သမားခေါ်ယူလိုလျှင် တစ်ကြိမ်လျှင် အနည်းဆုံး လူဦး(၄၀၀)ထက်မပိုဘဲ ခေါ်ယူရမည်ဖြစ်ပြီး ထိုင်းနိုင်ငံ အစိုးရအဖွဲ့ဝင် ၀န်ကြီးများအဖွဲ့မှ သဘောတူညီမှုရရှိမှသာ ခေါ်ယူခွင့်ပြုမည်တို့ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ကြေငြာချက်နှင့်ပါတ်သက်၍ ရွှေ့ပြောင်းမြန်မာအလုပ်သမားများမှလဲ လုပ်ငန်းခွင့်ပြောင်းလဲခွင့်မရခြင်းနှင့် လက်ရှိ နေအိမ်များတွင် အလုပ်လုပ်ကိုင်နေသူများမှ စိုးရိမ်ကင်းမှုများရှိနေကြောင်းသိရသည်။
"အခု ကြေငြာချက်က (၄)နှစ်ဒါမှဟုတ်(၆)နှစ် ဗီဇာသက်တမ်းကုန်ဆုံးတဲ့သူလို့ဆိုထားတယ် ကျွန်တော်တို့ နေအိမ်မှာလုပ်နေတဲ့သူတွေက အလုပ်လက်မဲ့ဖြစ်ပြီပေါ့ဗျ၊ နောက်တစ်ခုက MOU စနစ်နဲ့ဆိုတော့ အလုပ်တစ်ခုမကြိုက်လို့ နောက်တစ်ခုကို လွယ်လွယ်ပြောင်းလို့ကော်ရနိုင်ပါ့မလား"ဟု ချင်းရိုင်းမြို့၊ စားသောက်ဆိုင်တစ်ခုတွင် ၀င်ရောက်လုပ်ကိုင်နေသူ ကိုအောင်အောင်မှပြောသည်။