ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ - ထိုင်းနိုင်ငံနယ်စပ် မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့က လူငယ်များအကြား ခေတ်စားနေသည့် ခေတ်ပေါ်အကဖြစ်သော B-Boy အကတွင် တဖက်ထိုင်းနိုင်ငံမှ လာရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် တာချီလိတ်မြို့မှ အကသမားများနှင့် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့မှ အကသမားများ ပူးပေါင်းကာ ကျင်းပပြီး ပြိုင်ပွဲတွင် နှစ်နိုင်ငံပေါင်း အကသမား ၄၀ ဦးခန့် လာရောက် ယှဉ်ပြိုင်ခဲ့သည်။
"ParMix battle ပြိုင်ပွဲကို ကျင်းပတာ နှစ်ကြိမ်ရှိပါပြီ ၊ ပထမ တစ်ခေါက်ကတော့ ကျတော်တို့ ချင်းရိုင်းမှာ ကျင်းပခဲ့တယ်၊ ဒီတစ်ခေါက်မှာတော့ တာချီလိတ်မှာ ကျင်းပဖို့ ရည်ရွယ်လိုက်တာပါ၊ အဓိကရည်ရွယ်ချက်ကတော့ ဒီပြိုင်ပွဲဟာ အနိုင်အရှုံးကို အဓိကမထားပဲ နှစ်နိုင်ငံအကသမားများ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ဖြစ်ဖို့နဲ့ပြိုင်ပွဲအတွေ့ကြုံရဖို့ပါပဲ" ဟု ထိုင်းနိုင်ငံသား BBoy အကသမား Seven-A မှ ပြောသည်။
BBoy အက ကို စိတ်ဝင်စားသည့် လူငယ်များအနေဖြင့် မိမိတို့ရဲ့ အရည်အချင်းတွေပြည့်ဝဖို့အတွက် နိုင်ငံတကာက ယှဉ်ပြိုင်ထားသည့် အကပြိုင်ပွဲများကို Youtube ကနေ ကြည့်ရှုလေ့လာသင့်ကြောင်း ၎င်းမှ အကြံပြောပြောဆိုသည်။
"ဒီပြိုင်ပွဲကို ကျင်းပပေးတာ တကယ်ကိုကောင်းပါတယ် ၊ ကျနော်မသိတာတွေလည်း သိခဲ့ရပါတယ် ၊ ကိုယ့်ထက် ဝါရင့် ကမ္ဘာရင့်တွေနဲ့ ယှဉ်ပြိုင်ရတော့ အတွေ့ကြုံတွေ ပိုလည်းရခဲ့ပါတယ် ၊ ကျနော့်အထင်တော့ ဒီပြိုင်ပွဲရဲ့ရည်ရွယ်ချက်က ကျနော်တို့ကို လာရောက် အနိုင်ကျောခြင်းမဟုတ်ဘဲ အထက်ကို ဆွဲခေါ်တယ်လို့ ထင်ပါတယ်.." ဟု တာချီလိတ်မြို့မှ BBoy အကသမား ကိုနေမျိုးသူရက ပြောသည်။
တာချီလိတ် ကျင်းပခဲ့သည့် ParMix battle ပြိုင်ပွဲမှာ ချင်းရိုင်းမှ အကသမား (၃၀)ဦး လာရောက်ပြီး တာချီလိတ်မှ (၁၀)ဦးသာ တက်ရောက်ခဲ့ပါသည်။ တာချီလိတ်မြို့ပေါ်တွင် B-boy အကသမား ၃၈ ဦးခန့်ရှိပြီး သုံးပုံနှစ်ပုံ ခန့်မှာ အထက်တန်းကျောင်းသားများဖြစ်သည်။