တာချီလိတ်၊ မတ်လ (၃၀) ရက်
ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့သို့ မြန်မာနိုင်ငံမှ မော်တော်ယာဉ်များ ၀င်ရောက်ရန် ယာဉ်ဝင်ခွင့် လက်မှတ်များပြုလုပ်ရာတွင် မူရင်း (အုံနာဘုတ်) ယာဉ်စာအုပ်မလိုအပ်ဘဲ အရောင်းအ၀ယ်စာချုပ်ဖြင့်သာ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
"အရင်တုန်းက တာချီလိတ်က ကားတွေ၊ ဆိုင်ကယ်တွေက မယ်ဆိုင်ကိုသွားရင် မူရင်းယာဉ်ပိုင်ဆိုင်မှု အထောက်အထားနဲ့အတူ ပိုင်ရှင်ကိုယ်တိုင်သွားပြီး ယာဉ်ဖြတ်သန်းခွင့်လုပ်ရတယ်။ အခုတော့ မူရင်း အုံနာဘုတ်မလိုတော့ဘူး။ အရောင်းအ၀ယ်စာချုပ်ပေါ့။ ဥပမာ ရှေ့နေနဲ့ အရောင်းအ၀ယ်လုပ်တဲ့ နိုထရီလိုမျိုးတွေပါရင် ထိုင်းက ခွင့်ပြုပေးမယ်လို့ အခု ကတိပေးလိုက်တယ်"ဟု တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေကပြောသည်။
ယခင်က ထိုင်းနိုင်ငံအတွင်း မော်တော်ယာဉ်ဖြင့်သွားရောက်ရာတွင် ယာဉ်ဝင်ရောက်ခွင့် ပြုသည့် ကဒ်ပြားများပြုလုပ်ရာ မူရင်းအုံနာဘုတ်ပါ ယာဉ်ပိုင်ရှင်မှ လာရောက်ပြုလုပ်ရခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံမှ မော်တော်ယာဉ်များ မယ်ဆိုင်သို့ဝင်ရောက်ရန် အခက်အခဲဖြစ်ရကြောင်း သိရသည်။
"အုံနာဘုတ်မှာပါတဲ့ လူကိုယ်တိုင် ယာဉ်ဝင်ခွင့်တွေလာလုပ်ရမယ်ဆိုတော့ ကျွန်တော်တို့ဆီမှာ ကား၊ ဆိုင်ကယ်အများစုက အမည်ပြောင်းလျှောက်ထားတာမရှိသေးဘူး။ ကျွန်တော်ကိုယ်တိုင် ဆိုင်ကယ်ဝယ်ထားပေးမဲ့ အမည်ပြောင်းမလုပ်ထားတော့ မယ်ဆိုင်ကိုယ် ဒီဆိုင်ကယ်နဲ့ သွားလို့မရဘူးဖြစ်နေတာ။ အခုက အရောင်းအ၀ယ်စာချုပ်နဲ့ရတယ်ဆိုတော့ မဆိုးပါဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုင်းနိုင်ငံမှ ယာဉ်ဝင်ခွင့်ကဒ်ပြားများပြုလုပ်ရာတွင် ယခင်က ကားတစ်စီးလျှင် ဘတ်(၃၀၀၀)ကျသင့်ပြီး တစ်လ သွားလာခွင့်ပေးထားပြီး ယခုအခါ ထိုင်းနိုင်ငံတွင် (၇)ရက်ဝင်ရောက်ခွင့်ပေးထားသည့်အပြင် ယာဉ်ဝင်ခွင့်ကဒ်ပြားအတွက် ဘတ်(၁၀၀)၊ ဆိုင်ကယ်များအား အခမဲ့ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။