စင်ပင်

စင်ပင်
ဒီဇင်ဘာ 24, 2015
By Tachileik News Agency

မြန်မာ - ထိုင်း နယ်စပ်ဒေသမြို့ဖြစ်ပြီး တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ လမ်းမနှင့် ယှဉ်လျှင် တာချီလိတ်လမ်းမကြီးသည် အတော်ကွာခြားနေသည့်အတွက် လမ်း၏ ဘေး ဘယ်ညာ နှစ်ဖက်စလုံးအား ၂၀၁၆ခုနှစ် ပထမလထဲတွင် ချဲ့သွားမှာဖြစ်ကြောင်း တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

"ကျွန်တော်တို့ အဓိက ကတော့ အ.ထ.က(တာချီလိတ်) ကျောင်းကနေ အမှတ်(၁) ချစ်ကြည်ရေး တံတားအထိကို တစ်ဖက်ကို (၆)ပေစီ ချဲ့သွားမှာပါ၊ မလွတ်ကင်းတဲ့ နေရာတွေဖြစ်တဲ့ အုတ်ခုံတို့၊ ကျူးကျော်ထားတာတို့ စတဲ့ နေရာတွေကို အသိပေး ဖယ်ခိုင်းမယ်၊ လမ်းချဲ့ဖို့အတွက် ခွင့်ပြုချက်လည်း ကျလာပြီဖြစ်ပါတယ်.."ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က ပြောသည်။

လမ်းချဲ့မည့်နေရာများသည် တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်း(ဓမ္မာရုံလမ်း)၊ အ.ထ.က(တာချီလိတ်)ကျောင်းရှေ့မှ အမှတ်(၁)ချစ်ကြည်ရေးတံတား အ၀ိုင်းပတ်အနီးအထိ နှင့် နဂါးနှစ်ကောင် ဘုန်းကြီးကျောင်းရှေ့တို့ ပါဝင်ပြီး လတ်တလောတွင် ရွှေတိဂုံဘုရားလမ်း(ဓမ္မာရုံလမ်း)အား စတင်ဆောက်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

"ရွှေတိဂုံလမ်းက ကျောင်းနဲ့နီးတော့ ဒီဇင်ဘာ ကျောင်းပိတ်ရက်မှာ အပြီးလုပ်ဖို့ ရည်မှန်းထားပါတယ်။ လမ်းကို ရသလောက်ချဲ့သွားမှာပါ.."ဟု အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က ဆိုသည်။

လမ်းချဲ့ခြင်းနှင့် ပတ်သက်၍ ကုန်ကျမှုကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာငွေထဲက အသုံးပြုမှာ ဖြစ်ပြီး အ.ထ.က(တာချီလိတ်)ကျောင်းရှေ့မှ အမှတ်(၁)ချစ်ကြည်ရေးတံတား(၁) အ၀ိုင်းပတ် အနီးထိကို တစ်ဖက်စီတွင် အရှည်ပေ(၂၇၀၀)အထိရှိပြီး အကျယ်(၆)ပေစီ တိုးချဲ့ပြုလုပ်သွားမှာဖြစ်သည်။

ယင်းအပြင် ဆန်ဆိုင်း(က)ရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ နဂါးနှစ်ကောင်ကျောင်းရှေ့တွင် အရှည်ပေ (၃၅၀)အထိ တစ်ဖက်(၆)ပေစီကို ဆောင်ရွက်သွားမှာဖြစ်ပြီး ပေ(၁၅၀၀)အရှည်ရှိသည့် ရွှေတိဂုံဘုရားလမ်းတစ်လျှောက်ကိုလည်း တစ်ဖက်လျှင် (၆)ပေစီ တိုးချဲ့သွားမှာ ဖြစ်ကြောင်း သိရသည်။

"အနည်းဆုံး သတ်မှတ်ချက်က လမ်းချဲ့ဖို့ (၆)ပေစီ သတ်မှတ်ထားပေးမဲ့ (၉)ပေအထိ ချဲ့လို့ရတဲ့ နေရာတွေကို ရရင် ရသလို ချဲ့သွားမှာပါ၊ မလွတ်တဲ့ နေရာတွေကိုတော့ ဖယ်ခိုင်းရမှာပါ၊ တစ်ချို့နေရာတွေမှာက အုတ်ခုံလုပ်ထားတာတွေ၊ လမ်းပေါ်နေရာနေတာတွေကိုပေါ့.."ဟု အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇင်က ပြောသည်။

"အခုလို လမ်းချဲ့မယ်ဆိုတော့ ကောင်းတာပေါ့၊ ဒီလမ်းက အမြဲ နိုင်ငံခြားသားတွေလည်း အိပ်ဇပက် ကားကြီးတွေနဲ့ မကြာခဏ ဘုရားလာဖူးကြတယ် ၊ နောက်ပြီး ဒီရွှေတိဂုံသွားတဲ့လမ်းဟာ မကြာခဏလည်း ကား ၊ ဆိုင်ကယ်တွေပိတ်တယ် ၊ လမ်းချဲ့ပြီးရင်တော့ သွားလို့လာလို့ ပိုအဆင်ပြေသွားမယ်လို့ ထင်ပါတယ်.." ဟု လမ်းချဲ့မည့် နယ်နိမိတ်တွေ ပါဝင်သည့် ဒေသခံ ကိုစိုးထွန်းနိုင်က ပြောသည်။

"စည်ပင်က မလွတ်လို့ လာရွေ့ခိုင်းရင်လည်း ရွေ့ပေးရမှာပေါ့ ၊ အများပြည်သူအတွက် ကောင်းသွားမဲ့ လုပ်ရပ်ပဲလေ၊ ဘယ်လိုပဲပဲဖြစ်ဖြစ် မလွတ်ရင်တော့ ဖယ်ပေးရမှာပေါ့၊ တာချီလိတ်မှာကလည်း အဓိက ဒီလမ်းမကြီးပဲ ရှိတယ်၊" ဟု အ.ထ.က(တာချီလိတ်)ကျောင်းမှ အမှတ်(၁)တံတား အ၀ိုင်းအထိ တိုးချဲ့မည့် လမ်းဘေးတွင် ပါဝင်သည့် လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုစိုင်းဖက ဆိုသည်။

တာချီလိတ်မြို့တွင် ၂၀၁၅ခုနှစ် အစပိုင်းက ရှမ်းရိုးမကွင်းအရှေ့မှာ အ.ထ.က(တာချီလိတ်)ကျောင်းအရှေ့ထိ တိုးချဲ့ခဲ့ပြီးနောက် ဒုတိယအကြိမ်အဖြစ် ယခုအခါမှာ လမ်းသုံးလမ်းအား တိုးချဲ့မည်ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net