စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ခုံကြီးကျေးရွာမှ သဲဖုံးလွှမ်းသွားသည့် လယ်မြေဧက (၃၀)ကျော်မှ သဲများကို ရှင်းလင်းရန် မလွယ်ကူသဖြင့် ပြန်လည်စိုက်ပျိုးရန် အခက်အခဲ ဖြစ်နေရသည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
" ချောင်းရေက တောင်ကျရေဆိုတော့ လိမ့်ဆင်းလာတာ မိုးများတာလည်း ပါတာပေါ့။ ရေနဲ့အတူပါလာတဲ့ သဲတွေက လယ်ယာမြေအပေါ် ဖုံးလွှမ်းသွားတော့ ဒါတွေကို ဖယ်ရှားပြီး စိုက်ပျိုးဖို့ဆိုတာ မလွယ်နိုင်ဘူး " ဟု ကနီမြို့နယ် တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက ပြောသည်။
ကျေးရွာအနီးတွင် စီးဆင်းနေသည့် သင်္ဂတုံချောင်းသည် စက်တင်ဘာလ (၂၃) ရက်နေ့ နံနက် ၅ နာရီအချိန်က ရုတ်တရက် စီးဆင်းလာမှုကြောင့် နွားနှစ်ကောင်လည်း မျောပါသွားကြောင်း သိရသည်။
၂၀၁၅ ခုနှစ်ကလည်း အဆိုပါ တောင်ကျချောင်းရေကြောင့် လယ်ယာမြေများ သဲဖုံးလွှမ်းခံခဲ့ရသော်လည်း ယခုနှစ်လောက် ပျက်စီးမှုမများကြောင်း သိရသည်။