၂။
နေဖြိုးမြင့် - Tachileik News Agency
ကျောက်မဲ၊ အောက်တိုဘာလ (၂) ရက်
ရွှေဈေးစံချိန်တင်မြင့်တက်မှုနှင့်အတူ ဧပြီလကတည်းက ရောင်းအားကျဆင်းနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ ရွှေဈေးကွက်တွင် အောက်တိုဘာလဆန်း၌ ရောင်းအား စံချိန်တင်ကျဆင်းလာကြောင်း သိရသည်။
“မနေ့က (၈၉၈၀၀၀)ကျပ် အထိ စံချိန်တင် တက်သွားတာ ရောင်းအားက ပိုကျသွားတယ်။ သင်္ကြန်ပြီးကတည်းက ရောင်းအားဆက်တိုက် ကျလာတာ ခုလက်ရှိအခြေအနေက အဆိုးဆုံးပဲ” ဟု ကျောက်မဲဗဟိုဈေးတွင် ရွှေဆိုင်ဖွင့်ထား ရောင်းချသူ ကိုလေးမောင်က ပြောသည်။
ရွှေရောင်းအားအခြေအနေမှာ ရွှေဈေးနှုန်းအတက်အကျအပြင် ဒေသတွင်း စီးပွားရေးအခြေအနေနှင့် တိုက်ရိုက်သက်ဆိုင်နေရာ ကျောက်မဲမြို့နယ်အတွင်း မတည်ငြိမ်မှုများကြောင့်လည်း ဒေသတွင်း စီးပွားရေးကျဆင်းမှုက ရွှေဈေးကွက်ကို ထိခိုက်လာခြင်းဖြစ်သည်ဟု သိရသည်။
“နှစ်တိုင်းသီးနှံရောင်းပြီးရင် ရွှေဝယ်ပြီးစုဖြစ်တယ်။ ဒီနှစ်ကတော့ တောင်ပေါ်လည်းမပြန်နိုင် (မပြန်ရဲသေး) ရှိတာလေးနဲ့ စားနေရတာ။ ရွှေဝယ်ဖို့တော့မစဉ်းစားနိုင်သေးဘူး” ဟု တော့ဆန်ကျေးရွာဒေသခံ တစ်ဦးက ပြောသည်။
ရွှေဈေးနှုန်းစံချိန်တင်မြင့်တက်လာခြင်းကြောင့် အဝယ်မရှိသလောက်နည်းပါးနေပြီး လက်ရှိ ကျောက်မဲရွှေဈေးမှာ ( ၈၈၈၀၀၀ )ကျပ်အထိတက်နေကြောင်း သိရသည်။
“ဒီနှစ်က ပြောင်းဆံဈေးမငြိမ်တော့ ပြောင်းစိုက်တောင်သူတွေ စီးပွားမဖြစ်ဘူး။ ကျောက်မဲကို ရွှေလာဝယ်မယ့် တောင်ပေါ်ဒေသခံတွေ စီးပွားမကောင်းတော့ ရွှေကမရောင်းရဘူး။ ဒီလိုပဲ အနည်းအကျဉ်းလာရောင်းတာ လာပေါင်တာလေးတွေနဲ့ ဆိုင်ကလည်ပတ်နေရတာ။ ဒီတိုင်းအမြင့်ဈေးမှာငြိမ်နေရင် ရောင်းအားက ဒီထက်ကျလာဖို့ပဲရှိမှာ” ဟု ရွှေနှင့် လက်ဝတ်ရတနာရောင်းချသူ ဦးစိုင်းထွန်းက ပြောသည်။
ကျောက်မဲမြို့နယ်အတွင်း ယခုနှစ်ပိုင်းအထိ ဒေသတွင်း စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးသဖြင့် ဒေသတွင်း စီးပွားရေး ထိခိုက်လာကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
1အအ