တာချီလိတ် နှင့် ကျိုင်းတုံမှ သတင်းထောက်များ စုပေါင်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက် ဖွဲ့စည်း

တာချီလိတ် နှင့် ကျိုင်းတုံမှ သတင်းထောက်များ စုပေါင်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက် ဖွဲ့စည်း
အောက်တိုဘာ 21, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် သတင်းထောက်များ တစ်ဦးနှင့်တစ်ဦး ချိတ်ဆက်နိုင်ရန်နှင့် စုစည်းမှုများ ပြုလုပ်ရန်အပြင် သတင်းမီဒီယာဖွံ့ဖြိုးရေးအတွက် "ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက် (ESSJN)"အား တာချီလိတ် နှင့် ကျိုင်းတုံမှ သတင်းထောက်များ စုပေါင်း၍ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနရုံးရှိ ခန်းမတွင် ၂၀၁၇ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့က တာချီလိတ် နှင့် ကျိုင်းတုံမှ သတင်းထောက်များ တွေ့ဆုံကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ကွန်ရက်အား တရားဝင်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ တစ်ဦးချင်းစီရဲ့ အချက်အလက်တွေ ပြုစုပြီး ကွန်ရက်ကို တရားဝင် မှတ်ပုံတင်သွားမှာပါ၊ အဓိက ကတော့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှာ ရှိနေကြတဲ့ သတင်းထောက်တွေအားလုံး တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်နိုင်ရန်အပြင် ဒေသတွင်း မီဒီယာဖွံ့ဖြိုးဖို့အတွက် စုပေါင်း ဆောင်ရွက်သွားနိုင်ရန်အတွက်ပါ၊ သင်တန်းစေလွှတ်တာမျိုးတွေ၊ သင်တန်းဖွင့်လှစ် ပေးသွားတာမျိုးတွေလည်း လုပ်သွားဖို့ရှိပါတယ်။ အခုလောလောဆယ် ကျွန်တော်တို့ အလုပ်အမှုဆောင်အဖွဲ့ကို တစ်နှစ်ယာယီဖွဲ့စည်းရွေးချယ်ထားပါတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက် ဥက္ကဌ ဦးအောင်ဖြိုးရှိန် က ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက်အား ဖွဲ့စည်းရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက် ဥက္ကဌ တာဝန်အတွက် တက်ရောက်လာသူ (၁၂)ဦးက မဲစနစ်ဖြင့် ရွေးချယ်ရာ တာချီလိတ်မှ ဦးအောင်ဖြိုးရှိန်(မောင်ယဉ်ကျေး)က ဥက္ကဌအဖြစ် လည်းကောင်း၊ တာချီလိတ် နှင့် ကျိုင်းတုံတို့အတွက် ဆက်လက်ရွေးချယ်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက်(တာချီလိတ်)အတွက် ဒုဥက္ကဌအဖြစ် ဦးသန်းထွန်း(မြင့်မိုရ်-တာချီလိတ်)၊ အတွင်းရေးမှူးအဖြစ် ဦးဝင်းအောင်ဇော်(ကိုဇောင်း) နှင့် ဘဏ္ဍာ/ပြန်ကြားရေးအဖြစ် ဦးလှဌေး(ဝေယံလင်း)တို့မှ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက်(ကျိုင်းတုံ)အတွက် ဒုက္ကဌအဖြစ် ဦးရန်နိုင်ထွန်း(ရန်နိုင်)၊ အတွင်းရေးမှူးအဖြစ် ဦးမောင်မောင်နိုင်(မောင်မောင်နိုင်-ကျိုင်းတုံ)၊ ဘဏ္ဍာ/ပြန်ကြားရေးမှူးအဖြစ် ဦးကြည်မင်း(ထက်တိုင်းကျော်)တို့အား လည်းကောင်း မဲစနစ်ဖြင့် အသီးသီး ရွေးချယ်ထားရှိပြီး ကျန်ရှိသူများမှ အဖွဲ့ဝင်များအဖြစ် ပါဝင်ထားကြောင်း သိရသည်။

ကွန်ရက်ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့ရှိ မြန်မာနိုင်ငံ၏ ပထမဆုံးသော နှီးဘုရားဖြစ်သည့် မိုင်းနှုန်းနှီးဘုရားကြီးသို့ အောက်တိုဘာလ(၂၀)ရက်နေ့က သွားရောက်ကာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက်(တာချီလိတ်)အဖွဲ့မှ ငွေကျပ်(၁)သိန်းအား လှူဒါန်းခဲ့ကြောင်း နှင့် ကွန်ရက်အား အောင်မြင်စွာ ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဂျာနယ်လစ်ကွန်ရက်(တာချီလိတ်)အဖွဲ့မှ ကျိုင်းတုံမြို့ရှိ စိန်ပန်းနီနီစားသောက်ဆိုင်တွင် အောက်တိုဘာလ(၁၉)ရက်နေ့က ညစာ စားပွဲဖြင့် ဧည့်ခံရာ အဆိုတော် မနော နှင့် ရွှေလာဘ်ငွေလာဘ်ဇာတ်သဘင်မှ ဇာတ်မင်းသား ချစ်စွမ်းသာတို့မှ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း တာချီလိတ်ခရိုင် နှင့် ကျိုင်းတုံခရိုင်တို့တွင် သတင်းထောက် အများဆုံးရှိပြီး၊ မိုင်းဆတ်ခရိုင်တွင် သတင်းထောက် အနည်းငယ်သာရှိကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

1အအ
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~