မြန်မာနိုင်ငံမှ လိုင်စင်ရှိ မော်တော်ဆိုင်ကယ်များအား ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခွင့် လက်မှတ်(စတေကာ) များကို တစ်စီးလျှင် ဘတ်(၅၀)ဖြင့် ပြုလုပ်ပေးနေပြီး အဆိုပါ လက်မှတ်၏ သက်တမ်းမှာ (၇)ရက်သာ ရှိသည့်အပြင် လက်မှတ်(စတေကာ)များသည် ယာယီထုတ်ပေးတာဖြစ်ကြောင်းနှင့် (၇)ရက် သက်တမ်းရှိသည့် စတေကာများအား ရက်တစ်ရက် ကျော်လွန်ပါက သတိပေးသည့် အဆင့်ဖြင့်သာ ဆောင်ရွက်မှာဖြစ်ပြီး ဒဏ်ငွေကောက်မှာ မဟုတ်ကြောင်း နှင့် မကြာမီကာလအတွင်း ယခင်အတိုင်း သက်တမ်း(၁)လရှိသည့် စတေကာများကို ထုတ်ပေးသွားမှာဖြစ်ကြောင်း မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးဘိုလေးထံမှ သိရသည်။
"အခုလောလောဆယ် ယာယီစတေကာအနေနဲ့ လုပ်ပေးနေတာပါ၊ သက်တမ်းက (၇)ရက်ပဲရှိပါတယ်၊ သက်တမ်း(၇)ရက် ပြည့်ခါနီးရင် ထိုင်းဘက်က သတိပေးမယ်၊ ဒဏ်ငွေမရိုက်ဘူး၊ သူတို့ ရုံးချုပ်ကို စတေကာတွေ ထပ်တောင်းထားတယ်၊ အထက်က ချပေးလာရင် အရင်ကလိုပဲ သက်တမ်း(၃၀)ရက် ပြန်ပေးမယ်လို့ ပြောလာပါတယ်"ဟု ထိုင်းဘက်သို့ သွားရောက် ညှိနှိုင်းဆောင်ရွက်ပေးသူ မြန်မာ-ထိုင်း နယ်ခြားကော်မတီ(TBC)မှ ဦးဘိုလေးက ပြောပြသည်။
"တစ်ခါမှ ထိုင်းဘက်ကမ်းကူးဖို့ စတေကာ မလုပ်ရသေးတဲ့ ဆိုင်ကယ်တွေကို တစ်ပတ် ယာယီလုပ်ပေးတယ်၊ အရင်က လုပ်ထားပြီးသား စတေကာတွေကိုတော့ သူတို့က ယာယီစတေကာနဲ့ ဆိုပေမဲ့လည်း သက်တမ်း(၁)လ ပြန်တိုးပေးတယ်"ဟု ၎င်းက ဆက်လက်ပြောပြသည်။
ရက်လွန်ဒဏ်ကြေး တစ်ရက်လျှင် ထိုင်းဘတ်ငွေ (၁၀၀၀)ဘတ် ကောက်ခံခြင်းနှင့် ပတ်သက်၍ " (၇)ရက် ယာယီ စတေကာ လုပ်ထားတဲ့ သူတွေကို ရက်လွန် ဒဏ်ကြေး မကောက်ဘူး၊ ဒါပေမဲ့ ရက်(၃၀)ရထားတဲ့ စတေကာတွေကိုတော့ တစ်ရက်ကျော်ရင် အရင်က သတ်မှတ်ထားတဲ့အတိုင်း ဒဏ်ကြေး (၁၀၀၀)ကောက်မယ်လို့ ပြောပါတယ်၊ ဒဏ်ကြေး ကောက်တာကလည်း သူတို့ရဲ့ ဥပဒေ ဆိုတော့ ပြောလို့မရဘူး၊ ထိုင်းနယ်စပ်က ဂိတ်တွေမှာ အဲ့လိုပဲ ရက်လွန်ဒဏ်ကြေး ကောက်တယ်လို့ သိရပါတယ်.."ဟု ဦးဘိုလေးက ဆက်လက်ပြောပြသည်။
တာချီလိတ်ဘက်မှ ထိုင်းဘက်သို့ သွားရောက်လည်ပတ်သူများနှင့် ကုန်ပစ္စည်းသယ်ဆောင်သူများမှ ထိုင်းဘက်က သတ်မှတ်ထားသည့် ရက်လွန်ကြေး တစ်ရက်လျှင် ထိုင်းဘတ်ငွေ (၁၀၀၀)ကောက်ခံသည်မှာ များပြားကြောင်းနှင့် ထိုင်းဘက်မှ မြန်မာဘက် ပြည်သူများအား ဖြေလျော့ပေးနိုင်ပါက များစွာအဆင်ပြေနိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။