ရှမ်းပြည်နယ်အတွင်းနှင့် ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရေး

ရှမ်းပြည်နယ်အတွင်းနှင့် ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရေး
ဒီဇင်ဘာ 2, 2015
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်းနှင့် ကချင်ပြည်နယ်အတွင်းဖြစ်ပွားနေသော စစ်ပွဲများရပ်တန့်ရေး လူထုလက်မှတ်ရေးထိုးလှုပ်ရှားမှုနှင့် စစ်ဘေးရှောင်များအတွက် အလှူငွေအား တာချီလိတ်မဇ္ဈိမလူမှုကူညီရေးနှင့် လူငယ်ကွန်ရက်ပူးပေါင်း၍ ဈေးများနှင့် လူစည်ကားရာနေရာတွင် တွင် ဂစ်တာတီး၍ လိုက်လံအလှူခံလျှက်ရှိကြောင်းသိရသည်။
"နိုဝင်ဘာ(၂၈)ရက်နေ့မှာ လူထုဆန္ဒထုတ်ဖေါ်ပွဲပြီးတာနဲ့ လူငယ်တွေနဲ့ ဈေးတွေမှာ လက်မှတ်ကောက်ရင်း အလှူလိုက်ခံပေးနေတာပါ၊ အခုလက်မှတ်ပေါင်း(၁၀၀၀)ကျော်ရပြီး အလှူငွေဘတ်(၂၃၇၄၀)ဘတ်နှင့် (၂၆၀၅၀၀)ကျပ် အလှူခံရရှိထားပြီး ပစ္စည်းတွေ ကျပ်(၁၀)သိန်းဖိုးလောက် ရရှိထားပါတယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေမှပြောသည်။
တာချီလိတ်မြို့ပေါ်ရှိ လူစည်ကားရာနေရာများနှင့် ဆန်ဆိုင်းဈေး၊ တာလော့ဈေး၊ အာခါဈေးများတွင် ဂစ်တာတီး၍ လိုက်လံအလှူခံကာ လက်မှတ်များကောက်ခံခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
"ကျွန်တော်တို့လူငယ်တွေအနေနဲ့ တတ်နိုင်သလောက် လိုက်ပြီး ကူညီတာပါ၊ အဓိက ဘယ်သူမှ အပြစ်မပြောဘူး စစ်ပွဲတွေရပ်စေချင်တာတစ်ခုဘဲ၊ ဒုက္ခသည်တွေက ကျွန်တော်တို့ နိုင်ငံသားတွေပါ ကိုယ်ချင်းစာလို့ ပါဝင်ကူညီတာပါ"ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း လူငယ်ကွန်ရက်မှ ကိုစတီဗင်ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း စစ်ပွဲများရပ်တန့်ရေး လူထုလက်မှတ်များအား လိုက်လံကောက်ယူခဲ့သည်မှာ (၁)လခန့်ရှိပြီဖြစ်ကြောင်း လက်မှတ်ရေးထိုးသူများတွင် ရဟန်းသံဃာများနှင့် အလယ်တန်းအဆင့်ကလေးသူငယ်များထိပါဝင်ကြောင်း၊ လူတန်းစားမျိုးစုံ လက်မှတ်ရေးထိုးထားခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ(၈၊ ၉)ရက်နေ့တွင် တောင်ကြီးမြို့၌ ဖိုရမ်ပြုလုပ်၍ လက်မှတ်များအား သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပေးပို့နိုင်အောင် ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net