ဇွဲမြတ် - Tachileik News Agency
ကျိုင်းတုံ၊ အောက်တိုဘာလ (၂) ရက်
နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ ပိုင်း) တာချီလိတ်ခရိုင်အတွင်း စားသုံးသူများ၏ နစ်နာမှုများ တိုင်ကြားခြင်းကို အရေးယူဖြေရှင်းပေးနိုင်မည့် ခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ ဖွဲ့စည်းရန် ဗဟိုကော်မတီ ခွင့်ပြုချက်စောင့်နေကြောင်း သိရသည်။
"တာချီလိတ်က နယ်စပ်ဒေသတစ်ခုဖြစ်တဲ့အတွက် ဒီအဖွဲ့ကို ဖွဲ့ မှဖြစ်မှာပါ။ ဗဟိုကော်မတီကိုလည်း တင်ပြထားပေမဲ့ ခွင့်ပြုချက်မရသေးလို့။ ခွင့်ပြုချက်ရတာနဲ့  ဆောင်ရွက်စရာရှိတာ ဆောင်ရွက်သွားမှာပါ။"ဟု စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။
ဒေသခံများ၊ ဈေးသည်များနှင့် စီးပွားရေးလုပ်ငန်းရှင်များကို စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ အကြောင်းအရာများ၊ ဥပဒေများ အသိပညာပေးမှုများကိုလည်း အဆိုပါအဖွဲ့က လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။
"အခုလက်ရှိက တာချီလိတ်မှာ ကျွန်တော်တို့ ဌာနက တာဝန်ခံတစ်ယောက်ပဲ ရှိပါတယ်။ ဒေသအတွင်းမှာ သတင်းအချက်အလက်ယူဖို့ဆိုပြီး လွှတ်ထားတာပါ။ ရှမ်း(အရှေ့ )မှာ အဓိကအနေနဲ့ ကျိုင်းတုံမှာ ဒုတိယပြည်နယ်ရုံး တစ်ခုပဲ ရှိတာပါ။ "ဟု စားသုံးသူရေးရာဦးစီးဌာနမှ ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးသန်းစိုးက ပြောသည်။
ရှမ်းပြည်နယ် (အရှေ့ ပိုင်း)တစ်ခုလုံးတွင် စားသုံးသူရေးရာဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးရုံးတစ်ခုသာရှိပြီး ၀န်ထမ်းအင်အားမှာ ပြည်နယ်တစ်ခုလုံးတွင် (၁၃)ဦးသာရှိကြောင်း သိရသည်။
"ဒီအဖွဲ့ အနေနဲ့  ပြည်သူတွေကို ပညာပေးမှုလည်းရှိသင့်သလို အရေးယူမှုတွေလည်း လုပ်သင့်ပါတယ်။ တစ်ချို့  ကိစ္စတွေက ရောင်းတဲ့သူဘက်က မှားတာမဟုတ်ဘဲနဲ့  စားသုံးသူဘက်က တက်လာတဲ့ အမှားမျိုးတွေလည်း ရှိတတ်တယ်လေ။ ဘယ်လိုလဲဆိုရင် ဈေးပေါပေါပေးပြီးတော့ အရည်အသွေးကောင်းတာကို လိုချင်တာမျိုးက မဖြစ်နိုင်ဘူးလေ။ အရည်အသွေးမကောင်းတာကို သုံးမိလို့  တစ်ခုခုဖြစ်တာမျိုးပေါ့။ ဒါမျိုးကိစ္စတွေမှာ နှစ်ဦးနှစ်ဘက် ပြေလည်နိုင်ဖို့ အတွက် ညှိနှိုင်းပေးတဲ့ အဖွဲ့ အစည်းတွေကရှိသင့်တာပေါ့။"ဟု ကျိုင်းတုံမြို့ ရှိ 68 စားသောက်ကုန်ဖြန့် ချိရေးမှ ကိုမင်းဟိန်းထက်က ပြောသည်။
အဆိုပါအဖွဲ့ ကို (၂၀၁၄)ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်နယ်အဆင့်များတွင်သာဖွဲ့ စည်းခဲ့ပြီး လုပ်ငန်းများကို ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်ရန်အတွက် ခရိုင်အဆင့်များတွင် ဖွဲ့စည်းခြင်းကို ၂၀၁၆ ခုနှစ်တွင် စတင်နေခြင်းဖြစ်ကြောင်း သိရသည်။