ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီမြို့နယ်အတွင်းရှိ ရေပူစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့များ လုပ်ငန်း ရပ်နားချိန်တွင် အချိန်ကိုက် ဖြတ်သန်းသွားခဲ့သည့် ပိတောက်သစ် စုစုပေါင်း(၁၅)တန် ဝန်းကျင် တင်ဆောင်လာသည့် (၁၂)ဘီးကား(၂)စီးအား ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအနီးတွင် မေလ(၅)ရက် နံနက်က ဖမ်းဆီးရမိကြောင်း သိရသည်။
"မေလ (၄)ရက်နေ့ ညနေပိုင်းမှာ အဲ့ဒီ သစ် တင်လာတဲ့ကား(၂)စီးတက်လာပြီ ဆိုတာကို လှမ်းပြီးသတင်းပေးတဲ့သူ ရှိလို့ ကျွန်တော်တို့ အဲဒီနေ့ ညနေပိုင်းကနေ ဒီမနက် (၄)နာရီအထိ စစ်ဆေးရေး လုပ်ငန်းတွေကို မနားတမ်းလုပ်ပြီး ရှာဖွေနေတာခင်ဗျ၊ ဒါပေမယ့် မနက်(၄)နာရီမှာ အဖွဲ့တွေ အရမ်း ပင်ပန်းနေတဲ့ အတွက် ခေတ္တရပ်နားလိုက်တဲ့ အချိန်မှာ အဲ့ဒီကားတွေက ဂိတ်ကို ဖြတ်သွားတာပါ၊ ကျွန်တော်တို့ စစ်ဆေးရေး လုပ်ငန်းတွေကို စောင့်ကြည့်ပြီး သတင်းပေးပြီး ဖြတ်သန်းလို့ ရအောင် ဆောင်ရွက်နေတဲ့သူတွေ ရှိနေသေးတယ်လို့ ယူဆရတယ်၊ ကား (၂) စီးလုံး ကိုတော့ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာ မရောက်ခင်မှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်"ဟု ရေပူအမြဲတမ်းစစ်ဆေးရေး ဂိတ်မှ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
၎င်းသစ်တင်ကား(၂)စီးမှာ အချိန်ကိုက်ဖြတ်သန်း သွားနိုင်သော်လည်း စစ်ဆေးရေးအဖွဲ့သို့ ဖုန်းဆက် အသိပေး အကြောင်းကြားလာသူ ရှိသည့်အတွက် မေလ(၅)ရက် နံနက်(၆)နာရီ(၄၅)ခန့်တွင် ပြည်ထောင်စု လမ်းမကြီး မိုင်တိုင်အမှတ်( ၂၁၉/၄) အနီး၌ လိုက်လံ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး၊ ကား(၂)စီးပေါင်း တင်ဆောင် လာသည့် ပိတောက်သစ်များမှာ ခန့်မှန်းခြေ(၁၅)တန် ဝန်းကျင်ခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။
"မေလ(၃)ရက်နေ့က မိထားတဲ့ သစ်တင်ကား(၄)စီးမှာပါတဲ့ သစ်တွေကို တိုင်းတာ စစ်ဆေးဖို့အတွက် လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ မပြီးပြတ်သေးတဲ့ အတွက် ဒီနေ့ မိတဲ့ သစ်တွေကိုတော့ မတိုင်းတာ ရသေးပါဘူး၊ တစ်စီးက(၇)တန်၊ တစ်စီးက (၈)တန်ဆိုတော့ နှစ်စီးပေါင်း (၁၅)တန်လောက်တော့ ရှိမယ်၊ ကားနှစ်စီးကတော့ ကားအရောင် ကားနံပါတ်ကအစ သတင်းလည်း အတိအကျ ရထားတာဖြစ်တယ်၊ ပြီးတော့ သစ်တွေကလည်း အရည်အသွေးကောင်းတဲ့ ပိတောက်သစ်တွေ ဖြစ်ပါတယ်၊ သတင်းအတိအကျ ရထားလို့ စောင့်ဖမ်းပေမယ့် စစ်ဆေးရေးလုပ်ငန်း ရပ်နားတဲ့အချိန်မှာမှ အတိအကျ ဖြတ်သန်းသွားတာဖြစ်ပါတယ်၊ ဒါတွေအားလုံးကိုတော့ သစ်တောဦးစီးဌာနကို အပ်နှံ လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်"ဟု စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဦးတက်ထွန်းအောင်က ပြောသည်။
အဆိုပါ ကား(၂)စီးမှာ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာသို့ မဝင်ခင်တွင် သိန်းနီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် သိန်းနီမြို့နယ်ရဲတပ်ဖွဲ့၊ ရေပူစစ်ဆေးရေးအဖွဲ့တို့မှ ပူးပေါင်းဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည့်အတွက် ကားပေါ်ပါ အမျိုးသား(၂)ဦးအား သိန်းနီမြို့နယ်ရဲတပ်ဖွဲ့ထံ အပ်နှံထားကြောင်း သိရသည်။
သတင်း - နေဖြိုးမြင့်