တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှ နတ်မောက်မြို့သို့

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှ နတ်မောက်မြို့သို့
ဒီဇင်ဘာ 2, 2015
By Tachileik News Agency

တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်မှ နတ်မောက်မြို့သို့ လူ(၃၃)ဦး တင်ဆောင်သွားသည့် မော်တော်ယာဉ် တစ်စီးသည် ဒီဇင်ဘာလ (၁)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲ ၀န်းကျင်အချိန်က ရှမ်းပြည်နယ် တောင်ပိုင်း ကလောမြို့တွင် တိမ်းမှောက်ပြီး ခရီးသည်များ ဒဏ်ရာများရရှိကာ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

"ကားပေါ်မှာ ခရီးသည် (၃၃)ဦး ပါပါတယ်၊ တောင်ကြီးဆေးရုံမှာ (၂၂)ဦး ဆေးဝါးကုသမှု ခံယူနေပါတယ်၊ ကျန်တာကတော့ ကလောဆေးရုံနဲ့ အောင်ပန်းဆေးရုံမှာပါ၊ အသေအပျောက်တော့ မရှိပါဘူး၊ အများဆုံးကတော့ ခြေ/လက် ကျိုးတာတွေပါ၊ ပြင်းပြင်းထန်ထန် ဒဏ်ရာ တော့မရှိပါဘူး.."ဟု ကလောမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်မင်းကိုကိုမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

"၀က်ဖြူရေရွာ ကားလမ်းပေါ်က စက်သုံးဆီကွက်ကြောင့် လမ်းလျှော်ပြီး တိမ်းမှောက်တာလို့ သိရတယ်၊ ပထမဦးဆုံးတော့ ကလောဆေးရုံ နဲ့ အောင်ပန်းက ကုတင်(၇၀၀)ဆေးရုံကို ပို့ထားရပြီး နောက်ပိုင်းတော့ တောင်ကြီးဆေးရုံမှာ ပို့ထားရတယ်လို့ သိရပါတယ်.."ဟု ကလောမြို့ ဒေသခံ ကိုသားငယ်က ပြောပြသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net