ထိုင်းအစိုးရမှ တာချီလိတ် - မယ်ဆိုင် နယ်စပ် ၀င်ပေါက်/ထွက်ပေါက်ဖြစ်သော ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေး တံတား၏ ဖွင့်ချိန်အား မြန်မာစံတော်ချိန် ည(၈း၃၀)နာရီ အချိန်ထိ တိုးမြှင့် ဖွင့်လှစ်လိုကြောင်းကို နှစ်နိုင်ငံ မြို့နယ်အဆင့် နယ်ခြားကော်မတီ (ထိုင်းဘက်)မှ ကမ်းလှမ်းထားရာ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့မှ စတင်ကာ မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတား၏ ဖွင့်ချိန်အား မြန်မာစံတော်ချိန် ည(၈း၃၀)နာရီ အချိန်ထိ ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း သိရသည်။
၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှစတင်၍ အမှတ်(၁) ချစ်ကြည်ရေး တံတား၏ ဖွင့်ချိန်အား မြန်မာ စံတော်ချိန် နံနက်(၆)နာရီ သတ်မှတ်ထားပြီး ပိတ်ချိန်အား မြန်မာစံတော်ချိန် ည(၈း၃၀)နာရီအချိန် ထိ သတ်မှတ်ထားရာ ညပိုင်း (၆)နာရီ ကျော်လွန်သွားပြီးနောက်မှာတော့ မော်တော်ကားများမှ လွဲ၍ စက်ဘီး၊ ဆိုင်ကယ် နှင့် လူများသာ သွားလာခွင့်ရှိမှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့၏ တစ်ဘက်ကမ်းဖြစ်သော မယ်ဆိုင်မြို့သို့ ခရီးသွား ဧည့်သည်များသည် နှစ်စဉ် (၅)သန်းခန့် လာရောက် လည်ပတ်လေ့ရှိပြီး မယ်ဆိုင်မှ တစ်ဆင့် တာချီလိတ်မြို့သို့ ၀င်ရောက်၍ လည်ပတ်လေ့ရှိသလို ထိုင်း - မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၄ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ အထိကို ထိုင်းဘတ်ငွေ (၁၂.၂၅)ဘီလီယံရှိပြီး ထိုင်းနိုင်ငံ ပို့ကုန်အနေဖြင့် ဘတ်(၁၁)ဘီလီယံခန့်ရှိကြောင်း သိရသည်။
သတင်း ။ ။ ကိုဇောင်း